Khinmggyi Slrd
ဇန်န၀ါရီလ ၂၇ ရက်နေ့မှအဆက်-
ကျွန်တော်လည်း နောက်ထပ်တိုင်းနှစ်တိုင်းကို ပြောင်းရွှေ့ရပြီး ၁၉၉၅ခုနှစ်မှာ ရန်ကုန်ရုံးချုပ်ကို ပြောင်းလာခဲ့ရတယ်။ ၁၉၉၈ခုနှစ်မေလ၊ နေ့တစ်နေ့မှာ ဟိုတုန်းက ဖုန်းဆက်မေးတဲ့ ညွှန်မှူး(အငြိမ်းစားဖြစ်နေပြီ) ကျွန်တော့ရုံးခန်းရောက်လာတယ်။ လမ်းကြုံလို့ ရုံးကိုအလည်လာတာဖြစ်ကြောင်း၊ အခြားဌာနခွဲတွေကို ၀င်ခဲ့ပြီးဖြစ်ကြောင်း၊ အပေါ်ဆုံး၊အစွန်ဆုံးက ကျွန်တော့ရုံးခန်းကို အခုနောက်ဆုံးရောက်လာတာဖြစ်ကြောင်း ပြောပါတယ်။
မာကြောင်းသာကြောင်း၊ မိသားစုအကြောင်း၊ အလုပ်အကြောင်းပြောပြီး ပြန်ဖို့ပြင်တယ်။ လိုက်ပို့တဲ့သားက ခုထိရုံးကိုရောက်မလာတာကြောင့်ဘတ်စ်ကားနဲ့ပဲပြန်မယ်ပြောလို့ကျွန်တော်ရုံးကားနဲ့ သူ့ကိုအိမ်အထိလိုက်ပို့ပေးပါတယ်။ သူ့အိမ်မှာ ကော်ဖီသောက်ရင်း ခဏစကားပြောဖြစ်တယ်။ သူက ဌာနနဲ့ဝေးနေတော့ မသိတာတွေမေးပါတယ်။
မေး- မင်းနဲ့မတိမ်းမယိမ်းတွေထဲမှာ ဘယ်သူတွေကျန်သေးလဲ။
ဖြေ- ကျွန်တော်တို့အသုတ်အပါအ၀င် ရာထူးဝန်အဖွဲ့က ခန့်တဲ့အသုတ်သုံးသုတ်မှာ ၁၁ယောက်ရှိတာ၊ ကျွန်တော်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ရှေ့က၇ယောက်နဲ့ နောက်က၃ယောက်က ဌာနထဲမရှိတော့ဘူး။ ထွက်တာ၊ အထုတ်ခံရတာ၊ ပင်စင်ပေးခံရတာ ခင်ဗျ။ တစ်ယောက်ကတော့ ဌာနထဲမှာရှိတုန်းဆုံးသွားတာ။ ဌာနထဲမှာမရှိတော့တဲ့ ၁၀ ယောက်ထဲမှာ ၆ယောက်ကနိုင်ငံခြားပညာတော်သင်သွားပြီးပြန်လာခဲ့သူတွေပါ။
မေး-မင်းကိုမကြည်တဲ့ VIP လက်ထက်မှာ ဘာဖြစ်လိုက်သေးတုန်း။
ဖြေ- သူရှိတုန်းတော့ ကျွန်တော်ရာထူးမတိုးဘူး။ သူအနားပေးခံရပြီးမှ အခုရာထူးတိုးတာပါ။
မေး- မင်းနောက်ထပ် ရာထူးတိုးအုံးမှာလား။
ဖြေ- ကျွန်တော့အထက်မှာ ကျွန်တော့ထက် အသက်ငယ်တဲ့သူတွေမို့ နောက်ထပ်တိုးစရာ မရှိတော့ပါဘူး။
နောက်တော့သူက- အေးပါ။ ဒါပေမယ့် အလုပ်ကို ရိုးရိုးသားသားနဲ့ ကြိုးစားလုပ်ကွာ။
အထူးအထွေစကားထပ်ပြောစရာမရှိတော့ သူ့ကို လက်ဗလာနဲ့ကန်တော့ပြီး ပြန်လာခဲ့တယ်။
သူရန်ကုန်မှာ ကွယ်လွန်တော့ ကျွန်တော်က အငြိမ်းစားယူပြီး ဇာတိမြို့ကို ပြောင်းနေပြီဖြစ်လို့ သူ့ဈာပနကို မပို့နိုင်ခဲ့ပါ။ လွန်ခဲ့တဲ့၂နှစ်လောက်က ဌာနထဲတုန်းက ရင်းနှီးခဲ့တဲ့ ဆရာတစ်ယောက်နဲ့တွေ့တော့ ကွယ်လွန်သူဆရာကြီးအကြောင်း စပ်မိလို့ ပြောဖြစ်တယ်။ ဆရာက “ ခင်ဗျားဆရာကြီးက ခင်ဗျားအပေါ် အတော် သံယောဇဉ်ကြီးတယ်ဗျ။ ခင်ဗျားတို့ ၅ ယောက် ပြည်နယ်/တိုင်း ဦးစီးမှူးရာထူးတိုး တုန်းက ကျွန်တော်က ရုံးချုပ်မှာ၊ ဒု-ညွှန်မှူးဘ၀နဲ့ သူ့အောက်မှာ။ ၀န်ထမ်းရေးရာ အစည်းအဝေးမှာ ခင်ဗျားကို ကချင်ပို့မယ်လုပ်တော့ သူက အပြီးကန့်ကွက်တာ။ ကျန်တဲ့၎ယောက်က ပြဿနာ မဟုတ်ဘူး။ ခင်ဗျားကို ကချင်ပို့လိုက်ရင် ခင်ဗျားအရက်သမား လုံးလုံးဖြစ်ပြီး အလုပ်ပါထိခိုက်လိမ့်မယ်လို့ပြောတယ်။ ခင်ဗျားက သဘောကောင်းတယ်၊ တပည့်တွေကိုလည်း လိုက်လျောတတ်တယ်။ အရက်အရသာမကြိုက်ပေမဲ့ အရက်သောက်ရတာကို ပျော်ပိုက်တယ်။ ဒါကြောင့်ကချင်နဲ့ မဖြစ်ဘူးတဲ့။ သူလည်း ကချင်ကိုရောက်ဖူးတယ်လေဗျာ။ ဒါပေမယ့် သူက အဲ့ဒီအချိန်မှာ လုံးဝ အရက်ပြတ်နေပြီ။ သူကန့်ကွက်လို့ ခင်ဗျား ကချင်ပြည်နယ်မရောက်ဘဲ တနင်္သာရီတိုင်း ရောက်သွားတာ။ ခင်ဗျား ကံကောင်းပါတယ်” လို့ ရှည်ရှည်ဝေးဝေး ရှင်းပြပါတယ်။
ဆရာ့ကို ဂါဝရပြုပြီးအိမ်ပြန်လာတော့ မှောင်စပြုနေပြီ။ စက်ဘီးကို မှန်မှန်နင်းရင်း ဆရာကြီးအကြောင်းကိုပဲ တွေးလာမိတယ်။ ဆရာကြီးဒီဌာနထဲဝင်ကာစ မန္တလေးခရိုင် လက်ထောက်လယ်ဝန်ဘ၀မှာ ကျွန်တော်က ၁၀တန်းကျောင်းသား ။ ညပိုင်းသူ့အိမ်မှာ ကျွန်တော့ကို အပိုသင်္ချာသင်ပေးခဲ့တာ။ ကျွန်တော်ဌာနထဲ ရောက်ပြီး မြို့နယ်ဦးစီးမှူး တာဝန်ကိုထမ်းဆောင်တော့ သူက ကျွန်တော့် တိုင်းဦးစီးမှူး။ တပည့်အရင်းဆိုပြီး မျက်နှာသာ မပေးတဲ့အပြင် အမှားနည်းနည်းလောက် လုပ်မိရင်တောင် အစည်းအဝေးမှာ အလားတူ ကိစ္စကို ပြောပြီး ကျွန်တော့်ကို ဂျူနီယာတွေရှေ့မှာ မပြီးနိုင်မစီးနိုင် သွယ်ဝိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျွန်တော်တာဝန်ယူရတဲ့ သုံးမြို့နယ်က သူ လုပ်သက်ငယ်စဉ် အချိန် ခရိုင်လယ်ဝန်ဘ၀နဲ့ ၄-၅နှစ်လောက် နေခဲ့ဘူးသူမို့ အလုပ်အကြောင်း အကြံဥာဏ်ပေးပါတယ်။ သူ့အဖေက ကျွန်တော့ဘခင်ရဲ့ ဌာနတွင်းဆရာဖြစ်လို့ သူတို့မောင်နှမတွေနဲ့ ကျွန်တော်တို့မောင်နှမတွေ ငယ်စဉ်ကတည်းက ရင်းနှီးခဲ့ပါတယ်။ ကျွန်တော်တောင် သူ့ကို သူ့ညီတွေ၊ ညီမတွေခေါ်တဲ့အတိုင်း အိမ်နာမည်ကိုပဲ ခေါ်ခဲ့သူပါ။
သူကွယ်လွန်သွားပြီမို့ သူ့စေတနာတွေ၊ သူ့ကျေးဇူးတွေကို တမ်းတနေရုံက လွဲလို့ ဘာမှမတတ်နိုင်တော့ပါ။ နောက်ဆုံးတော့ သူ့ကိုခေါ်နေကျ အိမ်နာမည်တပ်ပြီး စိတ်ထဲကနေပဲ ရေရွတ်လိုက်မိပါတယ်။
“ကိုဂျွန့် ကျေးဇူးတွေ စေတနာတွေကို ကျွန်တော့်တစ်သက် မမေ့ပါခင်ဗျား”
ဦးခင်မောင်ကြီး(ကြေး/မြေ)
၁၂-၂-၂၀၁၃
ပြန်ထောင်စုနေ့
No comments:
Post a Comment