28 nov. 2016
- ( thought provoking suggestions.
thanks Tin Win Akbar).
10 ways to have a better conversation |
Celeste Headlee
မိမိရဲ့ ဖေ့စ်ဘွတ် ဖရင်း တဦးကို မိမိနှင့် မတူတဲ့၊ မိမိက မနှစ်မျို့တဲ့ ဘာသာရေးနှင့် ပတ်သက်လို့ဖြစ်ဖြစ်၊ နိုင်ငံရေးနှင့် ပတ်သက်လို့ ဖြစ်ဖြစ်၊ ကလေး ပြုစုပျိုးထောင်တာနှင့် ပတ်သက်လို့ ဖြစ်ဖြစ် (သို့) အစားအသောက်နှင့် ပတ်သက်တဲ့ အကြောင်း အရာကို ဖြစ်ဖြစ် ရေးပြီး စတေးတပ် တင်ခဲ့မိလို့ အန်-ဖရင်း လုပ်ခဲ့ဘူးသူ အများအပြား ရှိနေတာကို လေ့လာ တွေ့ရှိရပါတယ်။
မိမိ အသိမိတ်ဆွေထဲက တစုံတယောက်ကို စကားကြော မတဲ့လို့၊ စကား မပြောချင်တာကြောင့် လမ်းမှာ တွေ့ရင် တောင် ရှောင်ထွက် သွားသူ အများအပြေားလည်း ရှိကြပါတယ်။
ဒါ့ကြောင့်ပဲ၊ ယဉ်ကျေး သိမ်မွေ့သူ ဖြစ်ဖို့ အတွက် ကိုယ်နှင့် အယူအဆ မတူတဲ့ အသိမိတ်ဆွေနှင့် တွေ့ရင် ပဋိပက္ခ ဖြစ်မဲ့ စကားမျိုးကိုရှောင်ပြီး၊ ရာသီဥတု အကြောင်းတို့၊ သင့် ကျန်းမာရေး အကြောင်းတွေကိုသာ ပြောဖို့ စာရေး ဆရာ ဟင်နရီ ဟေဂင်က Henry Higgins က သူရဲ့ ကမ္ဘာကျော် ပြဇတ် "My Fair Lady" မှာ အကြံပြုခဲ့ဘူးပါတယ်။
သို့တိုင်အောင် အခုအခါ ကမ္ဘာကြီးပူပြင်းလာနေပြီး၊ ရာသီဥတု ပြောင်းလဲ လာနေတယ် ဆိုတာကို လက်ခံသူနှင့် လက်မခံသူများ၊ ရောဂါ ကာကွယ် ဆေးထိုးတာ ကောင်းတယ်၊ မကောင်းဘူး ဆိုတဲ့ အယူအဆတွေ နှင့် ပတ်သက်ပြီး ဝိဝါဒ ကွဲပြား နေပြန်တာကြောင့် ရာသီဥတု အကြောင်းတို့၊ ကျန်းမာရေးအကြောင်းတွေ ပြောရင်တောင် အချေအတင် ဖြစ်လာနိုင်တဲ့ အန္တရာယ်က ရှိနေပါသေးတယ်။
ဒီကနေ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးမှာ ဘယ်အကြောင်းကိုပဲ ပြောပြော၊ သဘောကွဲ၊ အယူအဆ မတူထာကြောင့် အချေအတင် ပဋိပက္ခ ဖြစ်လာမဲ့ အန္တရာယ်ကနေ လွတ်ဖို့ သိတ်မလွယ်လှဘူး။
တခါတခါ အရေးမပါတဲ့၊ အသေးအဖွဲ ကိစ္စလေးတွေနှင့် ပတ်သက်ပြီးတော့တောင် မိမိရဲ့ အမြင်ရှုထောင့် ကို ကာကွယ်ဖို့ အတွက် စိတ်ရောကိုယ်ပါ ကျားကုတ်ကျားခဲ ပြောဆိုငြင်းခုံနေကြတာကို မမြင်ချင်အဆုံး၊ မြင် တွေ့ နေရပါတယ်။
ဒီလို ဖြစ်ပျက်နေတာဟာ ပုံမှန် ဖြစ်ရိုးဖြစ်စဉ် ကိစ္စတရပ် မဟုတ်တာတော့ သေချာပါတယ်။
PEW ဆိုတဲ့ ကမ္ဘာကျော် စစ်တမ်းကောက်အဖွဲ့ကြီးက အရွယ်ရောက်သူ အမေရိကန် (၁၀,၀၀၀) ကို မေးမြန်းပြီး ကောက်ယူခဲ့တဲ့ စစ်တမ်း တခုအရ၊ အခုအခါမှာ ကျွန်တော်တို့ဟာ အရင် လူသား သမိုင်း တလျှောက်လုံးက ဘယ် တုန်း ကနှင့်မှ မတူအောင် ပိုပြီး၊ သဘောကွဲနေကြ၊ နှစ်ဦး၊ နှစ်ဖက် သဘောတူအောင် ညှိနှိုင်းဖို့ ပိုပြီး အခက်အခဲ ဖြစ်နေ ကြ တာကို တွေ့ရှိခဲ့ရပါတယ်တဲ့။
ကျွန်တော်တို့ဟာ အပေးအယူ အလျော့အတင်း လုပ်ချင်စိတ် သိတ်မရှိကြတော့ဘူး။
တနည်းပြောရရင်၊ ကျွန်တော်တို့က တပါးသူ ရဲ့ စကားကို သေသေချာချာ နားထောင်လိုစိတ် မရှိဖြစ်နေကြပါတယ်။
ပြီးတော့ ကျွန်တော်တို့က ဘယ်မှာ နေထိုင်မှာလဲ? ဘယ်သူနှင့် လက်ထပ်မှာလဲ? ဘယ်သူကို မိတ်ဆွေ အဖြစ် သတ်မှတ်မှာလဲ? ဆိုတာကို ကျွန်တော်တို့ အရင်ကထဲ ယုံကြည်လက်ခံထားပြီးတဲ့ အယူအဆ အတွေးအမြင် တွေ အပေါ်မှာသာ အခြေခံပြီး၊ ကြိုတင် ပိုင်းဖြတ် လာနေကြပါတယ်။
ဆိုလိုတာက ကျွန်တော်တို့ဟာ အပြန်အလှန် နားထောင်တာ၊ ညှိနှိုင်း အပေးအယူ လုပ်တာတွေကို မျက်ကွယ်ပြု လာနေကြပြီး၊ ကိုယ်မှာရှိနေတဲ့ အယူအဆ အတွေးအမြင်တွေကိုသာ အတင်းဖက်တွယ်လာနေကြပါတယ်။
အပြန်အလှန် ပြောဆိုတယ် ဆိုရာမှာ ပြောဆိုတာရယ်၊ နားထောင်တာရယ် ဆိုပြီး အပိုင်း(၂)ပိုင်း အညီ အမျှ ပါဝင် နေတယ်၊ ဆိုတာကို သတိပြုသင့်ပါတယ်။
ကျွန်တော်တို့ရဲ့ ပြောဆိုခြင်းနှင့် နားထောင်ခြင်းတွေရဲ့ အကြားက အားမျှခြေက ပျက်ယွင်းနေပါတယ်။ နည်းနည်းပဲ နားထောင်ပြီး၊ အများကြီး ပြောချင်နေကြတယ်။
အဲဒီလို ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ နည်းပညာ တိုးတက် ဖြစ်ထွန်းလာခြင်းကလည်း တစိတ်တပိုင်း ပါဝင် ပါတယ်။
ကျွန်တော်တို့ ဒီကနေ့ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ စမတ်ဖုံးတွေက ဒီ အားမျှခြေကို အထိရောက်ဆုံး နည်းတွေ နှင့် ပျက်ယွင်းအောင် လုပ်နေပါတယ်။
PEW က ကောက်ယူခဲ့တဲ့ စစ်တမ်း တခုအရ၊ အမေရိကန် ဆယ်ကျော်သက်တွေရဲ့ (၃)ပုံ(၁)ပုံ လောက်က တနေ့ကို (text message) စာရိုက် သတင်းပို့မှု (၁၀၀)ကျော်လောက် ပြုလုပ်နေကြပြီး၊ အဲဒီ အထဲက အားလုံး နည်းပါးက သူတို့ သူငယ်ချင်းတွေနှင့် အပြန်လှန် စကားပြောဆိုရမဲ့ အစား၊ စာရိုက်ပြီး သတင်းပို့ ဆက်သွယ်နေခြင်း ဖြစ်နေတာကို တွေ့ ရပါတယ်။
အထက်တမ်း ကျောင်းဆရာ တယောက်က သူရဲ့ တပည့်တွေကို ဘယ်လိုပြောဆိုဆက်ဆံ ရသလဲ ဆိုတာကို သီးခြား သင်ပေးလိုတဲ့ အတွက် ထူးခြားတဲ့ အကြောင်းအရာ တခု အကြောင်းကို မှတ်စု မရေးပဲ၊ ပြောဟောနည်းကို သင် ပေးလို တာကြောင့် စမ်းသပ် သင်ကြားပေးခဲ့ပါတယ်။
သူက “ဒီလို သင်ကြားပေးခဲ့မှုကနေ ကျွန်တော် သိလာတာက အပြန်အလှန် ပြောဆိုဆက်ဆံ နိုင်စွမ်းကို သင်ကြားပေးဖို့ ပျက်ကွက်နေခြင်းက ဒီကနေ့ ပညာရေးစနစ်မှာ တခုတည်းသော အကြီးမားဆုံး မျက်စေ့လျှံ နေတဲ့ အချက်ပဲ ဖြစ်ပါ တယ်”လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ကျောင်းသားလေးတွေက တနေ့တနေ့ နာရီပေါင်းများစွာ ကျွန်ပျူတာ မျက်နှာပြင်၊ စမတ်ဖုံးမျက်နှာပြင်တွေကို ကြည့်ပြီး၊ အတွေးအမြင် အယူအဆသစ်တွေကို သင်ယူနေကြ၊ ဖလှယ်နေကြ ပေမယ့်၊ သူတို့ အကြားမှာ အပြန်အလှန် ပြောဆို ဆက်ဆံတဲ့ ကျွမ်းကျင်မှုကို ရရှိအောင်တော့ လေ့ကျင့်ခွင့် သိတ်မရကြပါဘူးတဲ့။
ဒီကနေ့ (၂၁)ရာစုမှာ ရေရှည်ခံမယ့်၊ ယုံကြည်မှု ပြည့်ပြည့်ဝဝ၊ ကြောင်းကျိုး ဆက်စပ်၊ ထိမိစွာအပြန် အလှန်ပြောဆို နိုင်စွမ်းထက် ပိုပြီး အရေးပါတဲ့ ကျွမ်းကျင်မှု ရှိသလား ဆိုတာကို မေးခွန်းထုတ်ဖို့ လိုလာပါပြီ။
ကျွန်တော်တို့ဟာ လူအမျိုးမျိုး၊ လူ့အလွှာ အသီးသီးက ကိုယ်နှင့် အယူအဆတူသူတွေရော၊ လုံးဝ ကွဲလွဲတဲ့ အယူအဆ ရှိသူတွေနှင့်ပါ ဆက်သွယ် ပြောဆိုဖို့ အလွန် အရေးကြီးပါတယ်။
ဆက်လက်ပြီး ဘယ်လို ပြောကြရမှာလဲ? ဘယ်လို နားထောင်ကြရမှာလဲ? ဆိုတာနှင့် ပတ်သက်ပြီး ဆွေးနွေး ကြည့်ကြရအောင်။
အပြန်အလှန် ဆက်သွယ် ပြောဆိုရာမှာ မိမိနှင့် စကားပြောနေသူရဲ့ မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောပါ ဆိုတာမျိုးတွေ၊ မိမိ ပြောမဲ့ အကြောင်းအရာနှင့် ပတ်သက်တဲ့ စိတ်ဝင်စား စရာများကို ကြိုတင် လေ့လာ ဆည်ပူး ထားပါ၊ တဘက်သူက ပြောဆိုနေတာကို စိတ်ဝင်စားကြောင်း ပြသတဲ့ အနေနှင့် ခေါင်းညိမ့်ပြပါ၊ ပြုံးပြပါ၊ သင်က နားထောင် သိရှိထားတာတွေကိုအကျဉ်းချုံး ပြန်ပြောပြပြီး၊ တဘက်သားရဲ့ အတည်ပြုချက်ရယူပါ။
အထက်က အချက်တွေ အားလုံးကိုမေ့ပစ်လိုက်ပါ။
အဲဒါတွေ အားလုံးက သိတ် အရေးမပါ၊ အရာမရောက်ပါဘူး။
တကယ်လို့ သင်က တဘက်သား ပြောစကားကို တကယ်ကိုပဲ စိတ်ဝင်စားတယ် ဆိုရင်၊ တဘက်သား က ပြောဆို နေတာတွေကို အလွန် အာရုံစိုက်နားထောင် နေပါတယ်ဆိုတာကို သရုပ်ဖေါ်၊ ပြသနေဖို့ မလိုပါ ဘူး။
အချိန်တွေကို မဖြုံးပစ်ပဲ၊ ပျင်းရိ ညည်းငွေ့ ဘွယ် မဖြစ်ပဲ၊ ဘယ်သူ့ကိုမှ ထိုးနှက် တိုက်ခိုက်ခြင်း မပြုပဲ၊ ပိုပြီး ကောင်းတဲ့၊ အပြန်အလှန် ပြောဆို ဆက်ဆံနည်း ကို လေ့လာကြည့်ကြရအောင်။
ကျွန်တော်တို့ဟာ အလွန် စိတ်ဝင်စားစရာ၊ အလွန် ကြီးကျယ် ကောင်းမြတ်တဲ့ အပြန်အလှန် ပြောဆိုမှုတွေကို တွေ့ကြုံ ခံစားဘူးကြပါတယ်။
တန်ဘိုးရှိတဲ့၊ တကဲကိုပဲ စိတ်ထဲ စွဲမှတ်သွားစေတဲ့၊ (သို့) တဘက် ပြောဆို နေသူနှင့် စိတ်ချင်း ထိချိတ်မိသွားစေတဲ့၊ အပြန်အလှန် ပြောဆိုမှု အကြောင်းကို ကွက်ကွက်ကွင်းကွင်း နားလည် သဘောပေါက်သွားစေတဲ့ အပြန်အလှန် ပြောဆိုမှု တွေကို အရင်ကလည်း လုပ်ခဲ့ဘူးကြမှာပါ။
အဲဒီ အရသာကို ကောင်း ကောင်းသိကြမှာလည်း ဖြစ်ပါတယ်။
အလားတူ ထိတွေ့ ပြောဆို ဆက်ဆံမှုတွေကို နောက်ထပ် အများကြီး မလုပ်နိုင်စရာ အကြောင်း ဘာမှ မရှိပါ ဘူး။
ဒီလို ထိတွေ့ ပြောဆို ဆက်ဆံမှုတွေကို လုပ်နိုင်ဖို့ လိုက်နာရမဲ့ အချက် (၁၀)ချက် အကြောင်း တင်ပြချင်ပါတယ်။
အဲဒီထဲက တခုလောက်ကိုပဲ ဖြစ်ဖြစ်၊ ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်ပြီ ဆိုတာနှင့်တင် အရင်ကတက် ပိုပြီး ကောင်းတဲ့ အပြန် အလှန် ပြောဆိုမှုတွေကို ပြုလုပ်သွား နိုင်မှာ ဖြစ်ပါတယ်။
(၁)။ အပြန်အလှန် ပြောဆို နေတဲ့အခါမှာ အခြား လုပ်စရာတွေကို ခဏရပ်ထားလိုက်ပါ။
သင့်ရဲ့ လက်ကိုင်ဖုံး၊ တက်ဘလက်၊ ကွန်ပျူတာ(သို့) တခြား အာရုံစိုက်ရမဲ့ ဘယ်လို အလုပ်မျိုးကို မဆို ခဏ ရပ်ထား လိုက်ပါ။
သင့် အလုပ်ရှင်နှင့် အချေအတင် ပြောရမဲ့ ကိစ္စလို ဟာမျိုးတွေ၊ သင် ညစာကို ဘာစားမယ်၊ ဘယ်မှာ စားမယ် ဆိုတာ မျိုးကိုတောင် ခေါင်းထဲက ခဏ ဖယ်ထုတ် ထားလိုက်ပါ။
တကယ်လို့ အပြန်အလှန် ပြောဆိုနေတာတွေကို ရပ်ပစ် ချင်တယ် (သို့)ရပ်ပစ်ဖို့ လိုအပ်လာပြီဆိုရင် ရပ်ပစ် လိုက်ပါ။ အားနာ မနေပါနှင့်။
ဒါပေမယ့် ဟိုလည်း မရောက်၊ ဒီလည်း မရောက်တဲ့ အဖြစ်မျိုးတော့ အဖြစ် မခံပါနှင့်။
(၂)။ တဘက်သားကို တရားချချင်တယ်၊ နားချ ချင်တယ် (သို့) သင့် ထင်မြင် ယူဆချက်တွေကို ပြောနေတဲ့ အခါမျိုး မှာ တဘက်သားက ပြန်လှန် ငြင်းခုံတာ၊ စောဒက တက်တာ၊ သင် ပြောနေတဲ့ စကားကို ဖြတ်ပြောမှာမျိုးကို မလိုလားရင်၊ blog တခုကိုသာ ရေးလိုက်ပါ။ စာရေးပြီး ပြောပါ။
စကားနှင့် မပြောနှင့်တော့။
ဆရာကြီး ဆိုတဲ့သူတွေ၊ ပညာရှင် ဆိုသူတွေရဲ့ ပြောစကားက နားထောင်ရတာ အင်မတန် ပျင်းဖို့ကောင်းပါ တယ်။ ရှေးရိုးဆန်တဲ့ ကွန်ဆာဗေးတစ် ဆရာကြီးတွေက လစ်ဘရယ်လ် အယူအဆကို တိုက်ခိုက် ပြောဆိုဖို့လောက်ပဲစိတ်အား ထက်သန်ကြတယ်။ လစ်ဘရယ်လ် ဆိုတဲ့ ဆရာသမားတွေကလည်း ရှေးရိုးစွဲသူတွေကို ထိုးနှက်ဖို့လောက်ပဲ စိတ်ဝင်စား ကြတယ်။
သူတို့ဘာပြောတော့မှာလဲ ဆိုတာသူတို့ ပါးစပ်တွေ မဟခင်က ကြိုပြီး တွက်ဆလို့ အမြဲရတယ်။
သင်က အဲဒီလို လူမျိုး မဖြစ်ချင်မှာ သေချာပါတယ်။
အပြန်အလှန်ပြောဆိုတယ် ဆိုတာကိုက ပြောဆိုမှုကနေ သင်ယူစရာ တခုခု ရမယ်လို့ ယူဆလို့ပေါ့။
ထင်ရှားတဲ့ စိတ်ပညာရှင် M. Scott Peck က စစ်စစ်မှန်မှန် နားထောင် ဖြစ်ဖို့ ဆိုရင်၊ ကိုယ့်ကိုကိုယ် ခဏ ဘေး ဖယ် ထားနိုင်ရမယ်တဲ့။
တခါတလေ၊ ကိုယ့်ရဲ့ အယူအဆကိုတောင် ဘေးဖယ်ထားနိုင်ဖို့ လိုမှာ ဖြစ်ပါတယ်တဲ့။
M. Scott Peck က ဒီလို ကိုယ့်ကိုကိုယ်နှင့် ကိုယ့် အယူအဆကို ဘေးဖယ်ပြီး၊ အသေအချာ နားထောင်တာ ကြောင့် တဘက် စကားပြောနေသူက စိုးရိမ်မှု လျော့ကျလာပြီး၊ သူ့ရဲ့ စိတ်ထဲ ရှိသမျှကို အိတ်သွန်ဖါမှောက် ရင်ဖွင့်ပြီး ပြောဆို လာစေပါတယ်တဲ့။
သင်က တဘက်သားဆီက တစုံတခု သင်ယူရရှိနိုင်တယ် ဆိုတာကိုမမေ့ပါနှင့်။
နာမည်ကျော် ပညာရှင် Bill Nye က သင်ကြုံဆုံခဲ့ဘူးသမျှသော လူပုဂ္ဂိုလ်တိုင်းက သင် မသိသေးတဲ့ အကြောင်းအရာ တချို့ကို သိထားသူ ဖြစ် ပါတယ်တဲ့။
လူတိုင်းက အကြောင်းအရာ တခုခုနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ ဖြစ်ပါ တယ် လို့ ဆိုရပါလိမ့်မယ်။
(၃)။ ဘောင်ခတ် မထားတဲ့၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တဲ့ မေးခွန်းမျိုးကို အသုံးပြုပါ။
ဒီနေရာမှာ သတင်းစာ သမား တွေရဲ့ လုပ်ထုံးကိုအသုံးပြုပါ။
သင့်မေးခွန်းကို ( ″ဘ”ငါးလုံး) “ဘယ်သူ”၊ ”ဘာ”၊ ”ဘယ်တုန်းက”၊ ”ဘယ်မှာ” (သို့) ”ဘယ်လို” တွေကို မေးခွန်းတွေ အထဲမှာ ထည်လဲသုံးပြီး မေးမြန်းပါ။
သင်က ရှုပ်ထွေးပွေလီတဲ့ မေးခွန်းမျိုးကို မေးရင်၊ ခပ်လွယ် လွယ်၊ ခပ်ပေါ့ပေါ့ အဖြေမျိုးကိုပဲ သင် ရလိမ့်မယ်။
ဥပမာ သင်က ″မင်း သိတ် လန့်သွားသလား? လို့မေးရင် တဘက်သားက ″ဟုတ်တယ် အရမ်း လန့် သွားတယ် ကွ″ လို့ ရိုးရိုးလေး ဖြေလိုက်မှာပဲ။
သင်က ″မင်း အတော်စိတ်မကောင်း ဖြစ်သွားသလား″လို့ မေးရင် ″အေး ငါ အတော် စိတ်မကောင်း ဖြစ်သွားတယ်ကွာ″ လို့ပဲ ခက်လွယ်လွယ် ဖြေသွားမှာပဲ။
အရမ်းလန့်တာတို့၊ စိတ်မကောင်း တာတို့လို အားကောင်းတဲ့ စကားလုံးတွေကို သုံးလိုက်တာကြောင့် တဘက်သား အတွက် စဉ်းစားပြီး ဖြေဖို့ အခွင်ပမသာတော့ဘူး။
အမှန်က တဘက်သားက ကိုယ်တိုင်ကြုံတွေခဲ့ရသူ ကာယကံရှင်ဖြစ်တာကြောင့် သူ့ကို ″အဲဒီ အဖြစ်က ဘယ်လို ကြီးလဲကွ″၊
″အဲတာကို မင်းဘယ်လို ခံစားရသလဲကွ″လို့ မေးကြည့်ရင်တော့ တဘက်သားက အချိန်ယူ စဉ်းစား ပြီးမှ ဖြေမှာမို့ သင် အတွက် ပိုပြီး စိတ်ဝင်စားစရာ အဖြေမျိုး ရဖို့ သေချာ သလောက်ပါပဲ။
ဆက်လက် ဖေါ်ပြပါမည်။
ဆီလျှော်အောင် အကျဉ်းချုပ် မြန်မာမှုပြုသည်။
တင်ဝင်း (ဒီမို-မန်း)
Study Group for Promoting Human Rights, Democracy and Pluralism in Burma (based in Japan).
၂၀၁၆ခုနှစ်၊ မေလ (၁၇)ရက်။
Freethinkers are those who are willing to use their minds without prejudice and without fearing to understand things that clash with their own customs, privileges, or beliefs.
This state of mind is not common, but it is essential for right thinking, where it is absent, discussion is apt to become worse than useless.
No comments:
Post a Comment