လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော ... /ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း) ဒီဇင်ဘာ ၂၁၊ ၂၀၁၂ Posted by ဒေါက်တာလွဏ်းဆွေ
by Hla Myint on Saturday, December 22, 2012 at 8:38am ·
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဒီဇင်ဘာ ၂၁၊ ၂၀၁၂
Posted by ဒေါက်တာလွဏ်းဆွေ at 8:22 PM
Labels: ဆောင်းပါး
Friday, December 21, 2012
လူထုခေါင်းဆောင်၊ စစ်အာဏာရှင်ဘက်တော်သားပေလော ...
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
လက်ရှိ ဗမာနိုင်ငံမှာ လူတယောက်ကိုသာ နိုင်ငံ့ခေါင်းဆောင်အဖြစ် မဲပေးယှဉ်ပြိုင် ရွေးချယ်ရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်သူမှ ယှဉ်နိုင်မယ်မထင်ဘူး။ လူထုရဲ့မဲ အများဆုံး ရနိုင်တဲ့သူကို လူထုခေါင်းဆောင်လို့ သတ်မှတ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်ပဲ။
ဒါပေမယ့် ခုတလောမှာ လူထုခေါင်းဆောင်အဖြစ် အများပြည်သူ သတ်မှတ်ယုံကြည်ခြင်းခံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုဘက်မှာ မရပ်တည်ဘဲ၊ လူထုကို နှိပ်စက်သူတွေဘက်က ကာကွယ်ရပ်တည်လာတာကို ရင်မချိစရာ တွေ့မြင်လာရတယ်။
နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေဘက်ကို ကြည့်ရမယ်လို့ ဆိုလားဆိုရဲ့။ ပြည်သူတွေဘက်က သဘောထားကြီးရမယ်လို့ ပြောလားပြောရဲ့။ မီးလောင်တိုက်သွင်းတဲ့ စစ်ဗိုလ်လူထွက်တွေကိုတော့ တချက်မှ အပြစ်တင် ပြောဆိုဝေဖန်တာမျိုး မတွေ့ရဘူး။
စစ်ဗိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရမယ်ဆိုတဲ့ အလျှော့ပေး အညံ့ခံ စေ့စပ်ရေး စာအုပ်ထဲက သဘောတရားကို ဘုရားဟောလောက် သဘောထားပြီး ကိုးကွယ်နေပြီလားလို့ ထင်မှတ်ရတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ယုံကြည်မှုတည်ဆောက်၊ ရင်းနှီးမြှူပ်နှံမှုတွေ ဝင်လာအောင် လုပ်ရမယ်ဆိုတဲ့ သူ့စာအုပ်ထဲက သဘောတရားတွေကို တရားသေလုပ်နေသလား ထင်ရတယ်။
“ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်နေတဲ့ အဲဒီအချိန်ဟာ အစိုးရက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းထားပြီး ဖြိုခွဲဖို့ အသင့်ပြင်နေတဲ့အချိန်၊ ဖြိုခွဲမယ်လို့ ကြေညာထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒပြသူတွေကို ဟန့်မယ့်အစား ပါးကွက်သားတွေကို ဟန့်ခဲ့ဖို့ကောင်းတယ်။ အစိုးရကို သတိပေး တားမြစ်ခဲ့ဖို့ကောင်းတယ်။ ပြည်သူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို အကာအကွယ်ပေးဖို့ ကောင်းတယ်။ အကာအကွယ်ပေးဖို့ကိုလည်း လူအများအပြားက ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ အခုတော့ အကာအကွယ်မပေးရုံသာမက ဆန္ဒပြသူတွေကို ဟန့်လိုက်တဲ့ သူ့စကားဟာ အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားတယ်။ ဖြိုခွဲရိုက်နှက်ချင်တဲ့ အစိုးရအတွက် အခွင့်သာသွားခဲ့တယ်။”
စစ်ဗိုလ်ချုပ်တွေနဲ့တော့ အမှန်ပဲ ယုံကြည်မှုတွေ တိုးတက်လာပါရဲ့။ အတိုက်အခံအချင်းချင်းကြားထဲမှာတော့ အယုံကြည်မဲ့သူ မဲ့လာတယ်။ ပြည်သူတွေမှာလည်း အကာအကွယ် မဲ့လာတယ်။ ဒီမိုကရေစီသမား တွေထဲမှာ ညီညွတ်ရေးပြိုကွဲလာတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းမှာတောင်မှ ညီညွတ်ရေး ပျက်ပြားလာတဲ့ လက္ခဏာတွေ မြင်တွေ့လာရတယ်။ ဒါတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည် ပြောင်းလဲကျင့်သုံးလာတဲ့ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင်ရေး မူဝါဒသစ်ရဲ့ အကျိုးဆက်တွေပါပဲ။
တန်ဆောင်မုန်းလပြည့် မတိုင်ခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကလည်း လက်ပံတောင်းကို ခရီးထွက်ဖို့ ကြေညာတယ်။ ဒါပေမယ့် သပိတ်မှောက်သူတွေကို ဆန္ဒပြတဲ့နည်းနဲ့ချည်း ပြဿနာဖြေရှင်းလို့ မရဘူးလို့ အပြစ်တင်တယ်။ ဆွေးနွေးညှိနှိုင်းရမယ်လို့ ဟန့်တယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆန္ဒပြသူတွေဘက်က မဆွေးနွေးတာမဟုတ်၊ ဆွေးနွေးခွင့်မရတာဖြစ်တယ်။ ဒါကို သူလည်း သိတယ်။ သိရက်နဲ့ ဒီစကားမျိုးပြောထွက်ခဲ့၊ ပြောရက်ခဲ့တယ်။
အောင်မင်း လာဆွေးနွေးတာကို ဆန္ဒပြသူတွေဘက်က လက်ခံစကားပြောခဲ့တာကို ကြည့်ပါ။ လက်ပံတောင်း ပြည်သူတွေဘက်က ဆွေးနွေးရေးတံခါး အမြဲတမ်း ဖွင့်ထားတယ်ဆိုတာ ထင်ရှားတယ်။ ဘယ်ဘက်က မဆွေးနွေးလို့ ဆွေးနွေးညှိနှိုင်းမှု မဖြစ်သလဲဆိုတာ ထင်ရှားပါတယ်။ ဆွေးနွေးတဲ့ ဘာသာစကားကို နားမလည်တာဟာ စစ်အာဏာရှင်တွေသာ ဖြစ်တယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် အသိဆုံး။ သူကိုယ်တိုင် ဆွေးနွေးချင်လှချည်ရဲ့ အတန်တန် ပြောနေပါရက်နဲ့ ဒီနေ့အထိ သူ့ကို လူရာသွင်းပြီး တူတူတန်တန် ဘာမှ မဆွေးနွေးသေးတာကို သူအသိဆုံးပဲမဟုတ်လား။ သူ့ဘက်ကသာ သမ္မတကြီးက တော်ပါတယ်၊ ရိုးပါတယ် ပြောနေရရှာတာ ဟိုက သူ့ကို ဘာများ အရေးလုပ်ဆွေးနွေးလို့လဲ။ ခုတော့ စစ်အာဏာရှင်တွေဘက်က ဒီလို တဖက်သတ် ခေါင်းမာတာကို မျက်ကွယ်ပြုပြီး မြန်မာလူမျိုး မှာ ဆွေးနွေးညှိနှိုင်းတဲ့ ယဉ်ကျေးမှုမရှိဘူးဆိုပြီး အောင်နိုင်ဦးအတွေးအခေါ် သံယောင်လိုက်ရင်း လူမျိုးနဲ့ချီ ထိပါးတဲ့ စကားမျိုးတောင် ပြောလိုက်ပါသေးတယ်။
တကယ်တော့ ပြည်သူတွေဘက်က သူတို့ဆွေးနွေးချင်တာကို ဆွေးနွေးခွင့်မရလို့၊ ညှိနှိုင်းချင်တာကို ညှိနှိုင်းခွင့်မရလို့ ဆန္ဒပြရတာသာဖြစ်တယ်။ သပိတ်မမှောက်၊ ဆန္ဒမပြရင်၊ ဘယ်ဦးပိုင်ကမှ ဂရုမစိုက်၊ ဘယ်အစိုးရကမှ အရေးမလုပ်လို့ ဆန္ဒပြကြရတာပါ။ ကုန်ကုန်ပြောရရင် ဆန္ဒမပြရင် ဒီမိုကရေစီခေါင်းဆောင်ဆိုသူများကတောင်မှ အရေးလုပ် ငဲ့စောင်းမကြည့်ကြလို့ အခုလို ဆန္ဒပြကြရတာပါ။ ဒီပြဿနာတွေ ဖြစ်နေတာကြာလှပြီ။ တောင်းဆိုနေတာ၊ ကန့်ကွက်နေတာလည်း ကြာလှပြီ။
စောစောပိုင်းတုန်းက ဘာမှ အရေးမလုပ်ဘဲ သပိတ်စခန်းဖွင့်တော့မှ ဆန္ဒပြရုံနဲ့ ပြဿနာတိုင်း မပြေလည်နိုင်ဘူး၊ ဆွေးနွေးညှိနှိုင်းဖို့ လိုတယ်လို့ ပြောတာဟာ တော်တော်မတရားတဲ့ စကားပါ။
ဆန္ဒပြသူတွေကို ဒေါ်အောင်ဆန်းစုကြည် အပြစ်တင်နေတဲ့ အဲဒီအချိန်ဟာ အစိုးရက သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဝိုင်းထားပြီး ဖြိုခွဲဖို့ အသင့်ပြင်နေတဲ့အချိန်၊ ဖြိုခွဲမယ်လို့ ကြေညာထားတဲ့အချိန်လည်း ဖြစ်ပါတယ်။ တကယ်တော့ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဆန္ဒပြသူတွေကို ဟန့်မယ့်အစား ပါးကွက်သားတွေကို ဟန့်ခဲ့ဖို့ကောင်းတယ်။ အစိုးရကို သတိပေး တားမြစ်ခဲ့ဖို့ကောင်းတယ်။ ပြည်သူတွေအပေါ် ကျရောက်မယ့် အန္တရာယ်ကို အကာအကွယ်ပေးဖို့ ကောင်းတယ်။ အကာအကွယ်ပေးဖို့ကိုလည်း လူအများအပြားက ဝိုင်းဝန်းတောင်းပန်ခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ အခုတော့ အကာအကွယ်မပေးရုံသာမက ဆန္ဒပြသူတွေကို ဟန့်လိုက်တဲ့ သူ့စကားဟာ အစိုးရကို မီးစိမ်းပြလိုက်သလို ဖြစ်သွားတယ်။ ဖြိုခွဲရိုက်နှက်ချင်တဲ့ အစိုးရအတွက် အခွင့်သာသွားခဲ့တယ်။
အစိုးရအနေနဲ့ အစပိုင်းမှာ လက်ပံတောင်းသံဃာတွေကို ဖြိုခွဲနှိမ်နင်းဖို့ကို တော်တော်လက်တွန့်ခဲ့တယ်။ ၂၀၀၇ ခုနှစ်မှာလောက် လက်ရဲ၊ ဇက်ရဲ မရှိလှဘူး။ ဒါကလည်း အကြောင်းရှိတယ်။ ၂၀၀၇ ခုနှစ်တုန်းက စစ်အာဏာရှင်တွေဟာ တကိုယ်တော် ပြောင်ပြောင်တင်းတင်း မိုက်နေတဲ့အချိန်။ ဘယ်သူကမှလည်း သူတို့ကို ဘာမှ ပေးကမ်းစွန့်ကြဲ ထောက်ပံ့တာမျိုး မလုပ်တဲ့အချိန်။ လူရာမသွင်းတဲ့အချိန်။ အခုအချိန်ကျတော့ တမျိုး။ ခုချိန်က သူတို့မင်းသားခေါင်း ဆောင်းထားတဲ့အချိန်။ ရင်းနှီးမြှုပ်နှံမှုတွေကို သူတို့ကိုယ်ကျိုးစီးပွားအတွက် မျှော်လင့်တောင့်တနေတဲ့ အချိန်။ (နိုင်ငံအတွက်လို့ ပြောပေမယ့် တကယ်တမ်းကတော့ သူတို့နဲ့ သူတို့ ဆွေမျိုးသားချင်း ခရိုနီတွေအတွက်ပါ။ ၉၀ ကျော်နှစ်တွေတုန်းက ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်ကြည့်ပါ။) ဒီလို သူတို့အကျိုးစီးပွားအတွက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စီမံကိန်းချ ဆောင်ရွက်နေတဲ့အချိန်ဆိုတော့ မင်းသားခေါင်း ကျွတ်သွားမှာ စိုးရိမ်တယ်။ ရေရှည်စီမံကိန်းရေးဆွဲထားတာတွေ ပျက်မှာ စိုးရိမ်တယ်။ ဒါ့ကြောင့် ဖြိုသင့် မဖြိုသင့် ချိန်ဆနေတယ်။ သူတို့ ဖြိုလိုက်ရင် အမေရိကန် အမျက်ထွက်မလား၊ ဥရောပ စိတ်ပျက်မလား ဆိုတာ တွက်ချက်နေတယ်။ ဒီလိုအချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဆန္ဒပြသူတွေကို အပြစ်တင်စကား ဆိုလိုက်တာဟာ အစိုးရအတွက် အားတက်စရာ ဖြစ်သွားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အပြစ်တင်လာရတဲ့အထိ ဆန္ဒပြသူတွေဘက်က လွန်ကဲနေလို့သာ သူတို့ ဖြိုခွင်းလိုက်ပါတယ်လို့ ဆင်ခြေပေးရင် အမေရိကန်လည်း ဘာမှမပြောတော့ဘဲ နှုတ်ပိတ်နေလိမ့်မယ်လို့ ယူဆပြီး လက်ပံတောင်းအရေးအခင်းကို မီးလောင်ဗုံးအသုံးပြုတဲ့အထိ အလွန်အကျွံ ဖြိုခွဲနှိမ်နင်းလိုက်တာပါ။
အမေရိကန်ကလည်း သူတို့ထင်တဲ့အတိုင်း ဒီပွဲမှာ နှာစေးတယ်။ စစ်ပွဲမှာတောင် အသုံးပြုခွင့်မရှိတဲ့ မီးလောင်ဗုံးလို လက်နက်မျိုး အသုံးပြုပြီး အငြင်းပွားစရာ တစက်မှမရှိလောက်အောင် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေတဲ့ ပြည်သူတွေကို ချေမှုန်းခဲ့ပေမယ့် အမေရိကန်ဆီက ဘာသံမှ မထွက်။ ဆိတ်ဆိတ်နေခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူတွေကို အာခံချင်တဲ့သူတွေ ခံရတာနည်းသေးတယ်လို့ မှတ်ယူနေသလား ထင်ရတယ်။
လက်ပံတောင်းအရေးမှာ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာဟာ ဒေါ်အောင်ဆန်းစုကြည် တာဝန်မကင်းဘူးလို့ ဆိုချင်တယ်။ သူကိုယ်တိုင် မီးလောင်တိုက်သွင်းတာ မဟုတ်ပေမယ့် သူ တားရင် သံဃာတွေ သက်သာရာရနိုင်တဲ့ အခြေအနေမှာ အစိုးရဘက် သူ ပင်းခဲ့လို့သာ အတင့်ရဲပြီး ဖြိုခွဲခံခဲ့ရတာ။ ပြည်သူဘက်ကနေ ဒေါ်အောင်ဆန်းစုကြည် ပြတ်ပြတ်သားသား မားမားမတ်မတ် မရပ်ခဲ့လို့သာ သံဃာတွေအခုလို မတရား မီးလောင်တိုက်သွင်းခံရတာလို့ဆိုရင် မမှားဘူး။ ဒေသခံတွေဘက်က ကြည့်ရင် အလွန် စိတ်ထိခိုက် ဝမ်းနည်းစရာကောင်းပါတယ်။
သူဒီလို ပြတ်ပြတ်သားသား မကာကွယ်လို့ သံဃာတွေ မီးလောင်တိုက်သွင်းခံရတာကို သူ ကိုယ်ချင်းစာရင်၊ နှလုံးသားပျော့ပျောင်းရင် နောင်တရဖို့သင့်တယ်။ ဒါပေမယ့် သူ နောင်တမရဘူး။ ကြံ့ဖွတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ ဝိုင်းရံထားတဲ့ စုံစမ်းရေးကော်မရှင် ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည် လက်ခံခဲ့တယ်။ လက်ခံရုံသာမက အစိုးရဘက်က ဖေးတဲ့ မတဲ့ အလုပ်တွေ ဆက်လုပ်လာပြန်တယ်။
တကယ်တော့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ တခြားအချက်တွေကို စုံစမ်းစစ်ဆေးဖို့
လိုချင်လိုမယ်။ လက်ပံတောင်းမှာ သံဃာတွေကို မီးလောင်တိုက်တဲ့ အရေးမှာတော့ ဦးသိန်းစိန်မှာ သေချာပေါက် အပြစ်ရှိတယ်ဆိုတာ ဘာမှ စုံစမ်းနေစရာမလိုဘဲ သေသေချာချာ သိမြင်နိုင်တဲ့ အချက်ပဲ။ တကယ်လို့ အမိန့်ပေးတဲ့သူဟာ ပြည်ထဲရေးဝန်ကြီးဆိုရင်၊ အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ပြည်ထဲရေးဝန်ကြီး ဖြစ်တယ်။ အမိန့်ပေးသူဟာ ကာကွယ်ရေးဦးစီးချုပ်ဆိုရင် အဓိက အပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ကာကွယ် ရေးဦးစီးချုပ် ဖြစ်တယ်။ တကယ်လို့ အမိန့်ပေးသူဟာ ခရိုင်မြို့နယ်မှူးဆိုရင်လည်း အဓိကအပြစ်ရှိသူဟာ ဦးသိန်းစိန်နဲ့ ခရိုင်မြို့နယ်မှူးပဲ။ ဦးသိန်းစိန်ဟာ သမ္မတ၊ ဦးသိန်းစိန်ဟာ အစိုးရအဖွဲ့ရဲ့ အကြီးအကဲပဲ။ ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်အာဏာ အမြင့်ဆုံး ရထားသူပဲ။ ဘယ်သူပဲ လုပ်လုပ် သူ့အမိန့်မပါဘဲ လုပ်လို့မရဘူး။ ဒီတော့ သူသာ တာဝန်အရှိဆုံးလူ ဖြစ်တယ်။ တကယ်လို့ သူ့အမိန့်မပါဘဲ တစုံတယောက်က သမ္မတကို ကျော်လွန်ပြီးလုပ်ခဲ့ရင်လည်း အဲဒီလူကို ဖော်ထုတ်အရေးယူဖို့ သမ္မတမှာ တာဝန်ရှိတယ်။ ပြည်သူကို အသိပေးဖို့ တာဝန်ရှိတယ်။ သူ့ကို ကျော်လွန်ပြီး ဖောက်ဖောက်ပြန်ပြန်လုပ်သူ ရှိပါတယ်လို့ ထုတ်ဖော်ပြောပြပြီး အရေးမယူနိုင်သေးသမျှမှာ အဓိကတာဝန်ရှိသူဟာ ဦးသိန်းစိန်သာဖြစ်တယ်။
ဒါတွေဟာ ရိုးရိုးလေးတွေပဲ။ ဘာမှ ထပ်စဉ်းစားနေစရာမလိုအောင် သေချာနေတဲ့ အချက်ပဲ။ ဒီလောက် သေချာနေတဲ့ အချက်တွေကို မျက်ဝါးထင်ထင် မြင်နေရရက်နဲ့ မစုံစမ်းရသေးခင်မှာ ဘယ်သူ့ကိုမှ အပြစ်ရှိတယ်လို့ ပြောမရဘူးလို့ ဆိုနေတာဟာ ဘာသဘောလဲ။ ပြည်သူကို လက်တလုံးခြား လိမ်ညာနေတာလား။ စာအုပ်ထဲမှာ ပြောထားတဲ့အတိုင်း စစ်ဗိုလ်ကြီးတွေနဲ့ ယုံကြည်မှုတည်ဆောက်ထားတာကို ပျက်ပြားသွားမှာကို စိုးရိမ်နေတာလား။ ဒေါ်အောင်ဆန်းစုကြည် ဘာကို စိုးရိမ်နေသလဲ။ ဒေါ်အောင်ဆန်းစုကြည် ဘာကို ကြောက်နေသလဲ။
ဒေါ်အောင်ဆန်းစုကြည် ပြောသလို ပြောရမယ်ဆိုရင် စုံစမ်းရေးကော်မရှင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာ့ကြောင့် ဒီလောက်တောင် မပြောဝံ့မဆိုဝံ့ ဖြစ်နေသလဲဆိုတာ ပြည်သူတွေမှာ မေးခွင့်ရှိတယ်။
အခုဆိုရင် လက်ပံတောင်းအရေးဟာ မှားပါတယ်လို့ အစိုးရကိုယ်တိုင် ဘုန်းကြီးတွေကို ဝန်ချတောင်းပန် ဝန်ခံခဲ့ပြီးပြီ။ ဒါပေမယ့် ဘာ့ကြောင့် မှားသလဲ။ ဘယ်လို အမှားလုပ်ခဲ့သလဲ။ ဘယ်သူ အမိန့်ပေးသလဲ။ ဒီအချက်တွေ ပျောက်နေတယ်။ အပြစ်ရှိသူကို အရေးလည်းမယူ၊ ဖော်လည်း မဖော်ထုတ်ခဲ့ဘူး။ ဖုံးဖိထားတယ်။
ပြည်သူတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော်မရှင်က စုံစမ်းလိုက်ရင် ဘယ်သူ အမိန့်ပေးတယ်ဆိုတဲ့အချက် ပေါ်ထွက်လာမယ်လို့ မျှော်လင့်နေကြတယ်။ အမိန့်ပေးတဲ့သူကို အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ တရားမျှတမှုကို ရလိမ့်မယ်လို့ မျှော်လင့်နေကြတယ်။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်တွေ မှေးမှိန်သွားစေတဲ့ အချက်ကတော့ လက်ပံတောင်းအရေးနဲ့ပတ်သက်ပြီး ကော်မရှင်က ထုတ်ပြန်တဲ့ ပထမဆုံး ကြေညာချက်မှာ မီးခိုးဗုံးလို့ သုံးနှုန်းလိုက်တဲ့အချက်ပဲ။
ဒီဗုံးဟာ ဘာဗုံးလဲဆိုတာ သိပ်အရေးကြီးနေတဲ့အချိန်မှာ ကော်မရှင်ရဲ့ ဒီထုတ်ပြန်ချက်ဟာ အများပြည်သူအတွက် စိတ်ပျက်စရာဖြစ်တယ်။ မီးလောင်ဗုံး၊ မီးခိုးဗုံး ဒီအသုံးအနှုန်းနှစ်ခုကြားက ကွာခြားချက်ဟာ သိပ်အရေးပါနေတဲ့အချိန်မှာ ဘာမှ ရှင်းလင်းချက်မပါဘဲ မီးခိုးဗုံး လုပ်သွားတာဟာ စိတ်ပျက်စရာဖြစ်တယ်။
ဒီဇင်ဘာလ ၁၂ ရက်မှာ လက်ပံတောင်းအရေးနဲ့ ပတ်သက်ပြီး လူထုတွေ ဆန္ဒပြတောင်းဆိုနေကြတဲ့ အချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ မင်္ဂလာဆောင်မှာ ပန်းကြဲမပျက်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ အတိတ်တုန်းကလည်း ဘယ်တုန်းကမှ လူထုဆန္ဒပြပွဲတွေကို ထောက်ခံအားပေး ပါဝင်ခဲ့ဖူးတာမျိုးတော့ မရှိဘူး။ ရှေ့တန်းကလည်း မပါဖူးဘူး။ နောက်တန်းကလည်း မပါဖူးဘူး။ အလယ်အလတ်ကလည်း မပါဖူးဘူး။ ဒါပေမယ့် အရင်တုန်းကတော့ လူထုဆန္ဒပြပွဲကြီးတွေဖြစ်တိုင်းမှာ သူက အချုပ်ခံနေရာတာများတော့ သူသဘောကို သိပ်မသိခဲ့ရဘူး။ ခုတော့ သူ့သဘောထားကို ပိုပြီး ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရပြီလို့ ဆိုရလိမ့်မယ်။
တကယ်တော့ လူထုခေါင်းဆောင်တယောက်က လူထုကို မသိကျိုးကျွံပြု လျစ်လျူရှုနေတာကို မြင်ရတာဟာ သိပ်စိတ်ထိခိုက်စရာကောင်းတယ်။ နိုင်ငံရဲ့ အနာဂတ်အတွက်လည်း မကောင်းတဲ့ အတိတ်နိမိတ်လို့ ဆိုရလိမ့်မယ်။ လူထုခေါင်းဆောင်ဆိုတာ လူထုနဲ့ တသားတည်း ရှိရတယ်။ လူထုရဲ့ ခံစားချက်ကို အသိအမှတ်ပြု လေးစားရတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေက မကျေမနပ် အမျက်ဒေါသထွက်ပြီး လမ်းပေါ်ထွက် ချီတက်နေချိန်မှာ အရေးမပါတဲ့ မင်္ဂလာဆောင်တခုမှာ ပြုံးရယ်ပျော်ရွှင်နေခဲ့တယ်။
တကယ်တော့ လူထုခေါင်းဆောင်ဆိုတာ လူထုဘက်က သေနင်္ဂဗျူဟာ မှားယွင်းပြီး လမ်းပေါ်ထွက် ချီတက်ခဲ့ရင်တောင် လူထုကို အကာအကွယ်ပေးကြတဲ့ သာဓကတွေ ရှိခဲ့ဖူးတယ်။ လူထုကို အာဏာရှင်တွေက သတ်ဖြတ်တော့မယ်ဆိုတာ သိထားရက်နဲ့တောင် လူထုနဲ့အတူ ချီတက် အသက်ပေးသွားဖူးသူ ခေါင်းဆောင်တွေ ကမ္ဘာ့သမိုင်းမှာ ရှိခဲ့ဖူးတယ်။ ခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုကို ခေါင်းလည်းမဆောင်ဘူး။ နောက်မြီးလည်းမဆွဲဘူး။ လူထုဆန့်ကျင်ရေးကို အမူအယာနဲ့ လုပ်ပြခဲ့တယ်လို့သာ ယူဆဖွယ်ဖြစ်ခဲ့တယ်။
“ငတ်နေတဲ့ ပြည်သူတွေက တောင်းဆိုတာကို ဟန့်တယ်၊ ၂၀၁၅ ကြောင့်။ ကြံ့ဖွတ်အစိုးရ နှိပ်စက်တာတွေကို အကာအကွယ်ပေးတယ်၊ ၂၀၁၅ ကြောင့်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပြရတယ်၊ ၂၀၁၅ ကြောင့်။ ဒါပေမယ့် နောက်ဆုံး ၂၀၁၅ ရောက်တဲ့အခါ နောက်ထပ် သင်ခန်းစာတခု တိုးလာတာပဲ အဖတ်တင်တယ် ဆိုတာမျိုး နောင်တမရစေချင်ပါဘူး။ ၂၀၂၀ ကို ဆက်စောင့်တာပေါ့လေ။ ၂၀၂၅ ကို စောင့်ကြတာပေါ့လေ။ မသေမချင်း စောင့်ကြည့်ကြသေးတာပေါ့လေ ဆိုတဲ့ ဘဝမျိုးကိုလည်း မရောက်ကြစေချင်ပါဘူး။”
ဒေါ်အောင်ဆန်းစုကြည် ဘာ့ကြောင့် ဒီလိုလုပ်သလဲ။ သူ ဘာကို ကြောက်နေသလဲ။ သူ ဘာကို မျှော်လင့်နေသလဲ။
သူ မျှော်လင့်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲပါ။ သူ ကြောက်နေတာဟာ ၂၀၁၅ ရွေးကောက်ပွဲ ပျက်သွားမယ့်အရေးပါ။
သူဟာ ၂၀၁၅ ကို ရည်မှန်းချက်ထားပြီး ကျန်တာအားလုံးကို အလျှော့ပေးနေတာ ဖြစ်ပါတယ်။ ၂၀၁၅ ပျက်မှာ ကြောက်လို့ ကျန်တဲ့ မတရားမှု ၊ ရက်စက်မှုတွေကို မပြောရဲ မဆိုရဲ ဖြစ်နေတာပါပဲ။ ဒါကိုပဲ ရေရှည်အကျိုးစီးပွားလို့ သူ တွက်ထားပုံရပါတယ်။ ဒါကိုပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ သူက အဓိပ္ပာယ်ဖွင့်နေပုံရတယ်။ အခု ကချင်ပြည်နယ်မှာ ထိုးစစ်တွေ အပြင်းအထန် ဆင်နွှဲနေတယ်။ ဒါကိုလည်း ထုံးစံအတိုင်း နှာစေးပြန်တယ်။ ၂၀၁၅ ကို မျှော်လင့်ချက်ထားပြီး အလျှော့ပေးနေပြန်တယ်။
၂၀၁၅ မှာ သူဘာကို မျှော်လင့်ထားသလဲ။ အိန္ဒိယရောက်တုန်းက ပြောခဲ့တဲ့ စကားထဲမှာ ၂၀၀၈ အခြေခံဥပဒေထဲက သမ္မတရွေးကောက်ပုံနဲ့ ပတ်သက်တဲ့ အချက်ကို ဝေဖန်သွားတာ တွေ့လိုက်ရတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ ဒီလောက် မတရားမှုတွေ တပုံတပင် ရှိပါလျက်နဲ့ သမ္မတရွေးကောက်ပုံကို ကွက်ဝေဖန်ပုံထောက်ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ချင်နေပြီလို့ ခန့်မှန်းမိပါတယ်။ နတ်မောက်မြို့မှာ လူထုကို စကားပြောတုန်းကလည်း ကျမတို့ အာဏာလိုချင်တယ်လို့ ပြောခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ၂၀၁၅ မှာ သန့်သန့်ရှင်းရှင်း လွတ်လွတ်လပ်လပ် မဲပေးရွေးချယ်ခွင့်ရရင် သူ့ပါတီ မဲအများဆုံး ရမယ်ဆိုတာ သိထားတယ်။ ဒါ့ကြောင့် ၂၀၁၅ ကို သူ အမျှော်ကြီး မျှော်နေတာပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် မသိတဲ့ နားမလည်တဲ့အချက်က စစ်အာဏာရှင်တွေဟာ သူ့လက်ထဲကို ဘယ်တော့မှ အာဏာ အရောက်မခံဘူးဆိုတဲ့ အချက်ပဲ။
ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဓိက အားနည်းချက်ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့အတွက် ဗမာပြည် စစ်အာဏာရှင်တွေရဲ့ သဘောသဘာဝကို သဘောမပေါက်ဘူး။ ဗမာ့နိုင်ငံရေးကို အနောက်တိုင်း ပါလီမန်ဒီမိုကရေစီ အတွေးအခေါ်နဲ့ ချဉ်းကပ်တယ်။ ဗမာပြည် စစ်အာဏာရှင်တွေဟာ အာဏာကို မသေမချင်း ဖက်တွယ်သွားမယ်ဆိုတဲ့ သဘောသဘာဝကို စိုးစဉ်းမျှ မရိပ်မိဘူး။ အဲသလို သူမရိပ်မိတဲ့ ဒဏ်ကို ပြည်သူတွေက လက်တွေ့ခံရမယ့် အခြေအနေတွေ ဖြစ်လာတယ်။
သူက ကျမဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်လို့ပဲ တွင်တွင်ပြောနေတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပါတယ်တောင် လုပ်လိုက်သေးတယ်။ တပ်မတော်ကို သူ့စိတ်ထဲက ချစ်နေတာကိုတော့ အပြစ်ပြောလို့ မရဘူးလို့တောင် ဆိုလိုက်ပါသေးတယ်။
အပြစ်မဲ့ ပြည်သူတွေကို စစ်အာဏာရှင်တွေ၊ သူတို့ရဲ့ လက်မရွံ့ ပါးကွက်သားတွေက သတ်ခဲ့ဖြတ်ခဲ့တာတွေကို သူ ချစ်နေတာတော့ မဟုတ်လောက်ဘူး။
တကယ်တော့ ဒီစကားတွေဟာ စစ်တပ်နဲ့ စစ်အာဏာရှင်တွေကို ဖားနေတာသာ ဖြစ်ဖို့ရှိတယ်။ သွယ်ဝိုက်စေ့စပ်နေတာပါ။ ခပ်ရိုင်းရိုင်း ပြောရရင် စစ်ဗိုလ်ချုပ်တွေကို မိန်းမနောက်ပိုးလုပ်နေတာပါ။ စစ်အာဏာရှင်တွေကို သူချော့ရင် ပျော့မယ်လို့ပဲ ထင်နေတာပါ။
စစ်အာဏာရှင်တွေဆီက အာဏာကို ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရသလို လွယ်လွယ်နဲ့ ရမယ်လို့ ထင်တာဟာ စိတ်ကူးယဉ်တာ၊ နိုင်ငံရေးအောက်သက်မကျေတာကို ပြပါတယ်။
စစ်အာဏာရှင်တွေဟာ ၂၀၁၅ ရွေးကောက်ပွဲကို ညစ်ကို ညစ်မှာပါ။ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာတောင် ကြိုတင်ပြီး ညစ်ချင်ညစ်ပါမယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲစနစ်ကို ပြင်ပြီး ကြိုညစ်တာမျိုး လုပ်ချင်လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရွေးကောက်ပွဲမှာ ညစ်မှာပါ။ ဒီချုပ်ကို လွှတ်တော်ထဲမှာ နေရာတချို့ ပေးပါလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့ခွင့် ပေးမှာမဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်ပါဘူး။ ဖြစ်ခွင့်မပေးပါဘူး။ အခြေခံဥပဒေကို ပြင်မပေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီထဲက တယောက်ယောက်ကိုလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ ဒီချုပ်ပါတီတွင်မဟုတ်၊ ကြံ့ဖွံ့မဟုတ်တဲ့ ဘယ်ပါတီကိုမှလည်း အစိုးရဖွဲ့ခွင့်၊ သမ္မတဖြစ်ခွင့် မပေးပါဘူး။ အဲသလို မဖြစ်အောင် နည်းမျိုးစုံ သုံးပြီး ညစ်ဦးမှာပါ။ အဘက်ဘက်က တားဆီးတဲ့ကြားထဲက ဖြစ်ခဲ့ရင် အာဏာတောင် သိမ်းပါလိမ့်မယ်။
စဉ်းစားကြည့်ပါ။ တခြားပါတီတခုခုက သမ္မတဖြစ်ပြီး အစိုးရဖွဲ့ခွင့်ရရင် ဘာတွေဖြစ်သွားမလဲ။ သူတို့ ဖုံးထားသမျှတွေ ပေါ်ကုန်မှာပဲ။ သူတို့လုပ်ထားတဲ့ နျူကလီးယားစီမံကိန်းဆိုတာတွေ လူသိကုန်မယ်။ ဦးပိုင်ကုမ္ပဏီ လုပ်ထားတာတွေ လူသိကုန်မယ်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လုပ်ထားတာတွေ လူသိကုန်မယ်။ တိုင်းရင်းသားတွေ အပေါ်ကျူးလွန်ထားတဲ့ ပြစ်မှုတွေ လူသိကုန်မယ်။ ၁၉၈၈ မှာ ကျူးလွန်ထားတာတွေ၊ ၂၀၀၇ မှာ ကျူးလွန်ထားတာတွေ လူသိကုန်မယ်။ နိုင်ငံပိုင် ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ သတ္တုတွေ၊ သစ်တောတွေ အားလုံး ခိုးဝှက်ထားတာတွေ လူသိကုန်မယ်။ ဒါမျိုးကို သူတို့ အဖြစ်မခံပါဘူး။ ဒီလိုအခြေအနေမျိုးသာ မလွဲမရှောင်သာ ရင်ဆိုင်ရမယ်ဆိုရင် ဘီလူးခေါင်းပြန်ဖော်ဖို့လည်း ဝန်လေးမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ရဲ့ ဘဝပေးအခြေအနေပါ။ အကုသိုလ်နဲ့ အကြောင်းယှက် ပေါင်းဖက်ထားတဲ့ သူတို့ရဲ့ ဘဝပေး အခြေအနေတွေပါ။
ဒါတွေကို မေ့ထားပြီး စစ်အာဏာရှင်တွေဟာ အမှန်တကယ် ပြုပြင်ပြောင်းလဲမှု လုပ်လာလိမ့်မယ်၊ နောင်တရလာလိမ့်မယ်၊ အမြင်မှန်ရလာလိမ့်မယ်လို့ တွေးတာဟာ စစ်အာဏာရှင်တွေရဲ့အကြောင်းကို ကောင်းကောင်း နားမလည်လို့ စိတ်ကူးယဉ်နေတာသာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ စိတ်ကောင်းရှိတာ မရှိတာ၊ ကြောက်တာ မကြောက်တာ စတဲ့ လူ့ရဲ့ စိတ်ခံစားချက်တွေအပေါ်မှာ တည်မှီပြောင်းလဲနိုင်တယ်လို့ ထင်နေတဲ့ စိတ်ကူးယဉ်မျှော်မှန်းချက်တွေပါ။
ဘာမှ ဖြစ်မလာမယ့် ၂၀၁၅ ကြီးကို မျှော်မှန်းပြီး အစိုးရဘက်က ကာဆီးကာဆီး လုပ်နေတာဟာ ဒီမိုကရေစီသမားတွေရဲ့ ညီညွတ်ရေးကို ပျက်စီးစေပါတယ်။ ယုံကြည်မှုတွေ ပျက်ပြားစေပါတယ်။
ငတ်နေတဲ့ ပြည်သူတွေက တောင်းဆိုတာကို ဟန့်တယ်၊ ၂၀၁၅ ကြောင့်။ ကြံ့ဖွတ်အစိုးရ နှိပ်စက်တာတွေကို အကာအကွယ်ပေးတယ်၊ ၂၀၁၅ ကြောင့်။ စစ်ဗိုလ်ချုပ်ကြီးတွေကို ချစ်ပြရတယ်၊ ၂၀၁၅ ကြောင့်။ ဒါပေမယ့် နောက်ဆုံး ၂၀၁၅ ရောက်တဲ့အခါ နောက်ထပ် သင်ခန်းစာတခု တိုးလာတာပဲ အဖတ်တင်တယ် ဆိုတာမျိုး နောင်တမရစေချင်ပါဘူး။ ၂၀၂၀ ကို ဆက်စောင့်တာပေါ့လေ။ ၂၀၂၅ ကို စောင့်ကြတာပေါ့လေ။ မသေမချင်း စောင့်ကြည့်ကြသေးတာပေါ့လေ ဆိုတဲ့ ဘဝမျိုးကိုလည်း မရောက်ကြစေချင်ပါဘူး။
ခုဆိုရင် ပြည်သူတွေကို နှိပ်စက်ချင်စော်ကားချင်တဲ့သူမှန်သမျှဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဒိုင်းသဖွယ်ကာပြီး ပြည်သူကို ထိုးနှက်ချေမှုန်းနေပါပြီ။ (ကာတွန်းဟန်လေးရဲ့ ကာတွန်းဟာ အဲဒီသရုပ်ကို သိပ်ပေါ်လွင်စေပါတယ်။) ဦးသိန်းစိန်ကလည်း ဒီနည်းကို သုံးပါတယ်။ ဗဟုတွေကလည်း ဒီနည်းကိုပဲ သုံးပါတယ်။ တင်-စူး-ကျော် လက်ဝဲပျက်တွေကလည်း ဒီနည်းမျိုး သုံးလာတာကို ကျော်ဝင်းရဲ့ နောက်ဆုံး မဗေဒါ ဆောင်းပါးမှာ တွေ့ရပါတယ်။
ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ နဲ့ မျှားပြီး သွေးဆောင်ပြီး ကြိုက်သလို ခိုင်းစားနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာဟာလည်း အရေးပါတာ ဘာတခုမှလုပ်လို့မရ၊ ဟန်ဆောင်၊ ဟန်ပြပါပဲ။ လွှတ်တော်ထဲရောက်တော့မှ ဟိုဟာ မပြောရ၊ ဒီဟာ မပြောရ၊ ပိုပြီးတောင် ချောက်ကျသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်ချုပ်က လွတ်ပြီးနောက် လွှတ်တော်ချုပ်ကျသလို ဖြစ်သွားပါတယ်။ စိုးမိုးအေးချမ်းကော်မတီဆိုတာလည်း ဘာမှ လုပ်မရ၊ ကိုင်မရ။ အစိုးရရဲ့ အသုံးချစရာမျှသာပါပဲ။ အခုတခါ လက်ပံတောင်းအရေး စုံစမ်းစစ်ဆေးရေးကော်မရှင်တဲ့။ ဒီကော်မရှင်ဟာလည်း ခုထိ ကြည့်ရသမျှ အလားအလာ တယ်မကောင်းလှဘူးလို့သာ ဆိုရတော့မှာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုယ့်လူသူ့ဘက်သားပုံစံနဲ့ ကြာကြာရပ်တည်လို့ မရတော့ပါဘူး။ လှေနံနှစ်ဘက်နင်း မမြဝင်း ဆက်လုပ်နေလို့ မရတော့ပါဘူး။ သမိုင်းနာပါတယ်။ ပြည်သူနာပါတယ်။
လွတ်လပ်ရေးတိုက်ပွဲခေတ် ဗမာ့နိုင်ငံရေးလောကမှာ တော်တော်များများ တွေ့ရတတ်တဲ့ အမှားတမျိုး ရှိတယ်။ အဲဒီအမှားကတော့ လက်တွေ့ မျက်စိရှေ့မှာ မြင်တွေ့နေရတာထက် စာအုပ်ထဲက ပြောထားတာကို ပိုယုံကြည်တတ်တဲ့ အမှား၊ သီအိုရီကို ပိုယုံကြည်တတ်တဲ့ အမှားပဲ။ လူထုကိုယ်တိုင် ကြုံတွ့ခံစားနေရတာတွေကို မျက်ဝါးထင်ထင် မြင်တွေ့နေပါရက်ကယ်နဲ့ မြင်နေတွေ့နေတာကို မြင်တဲ့တွေ့တဲ့အတိုင်း မသုံးသပ်နိုင်ဘဲ လူကို စာအုပ်ကြီးနဲ့ တိုက်ကြည့်ပြီး စာအုပ်ကြီးနဲ့ မကိုက်ရင် လူတွေကပဲ မှားနေသလိုလို ထင်တတ်တဲ့အကျင့် ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာလည်း အလားတူပဲ၊ ဗမာ့နိုင်ငံရေးကို သီအိုရီနဲ့ တိုက်ကြည့်နေပါတယ်။ လူတွေ မချိမဆန့် ခံစားနေရတာကို မြင်နေပါရက်ကယ်နဲ့ လက်တွေ့အမြင်နဲ့ မသုံးသပ်ဘဲ သူချမှတ်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သင့်မြတ်ပြေလည်မှ ဒီမိုကရေစီရမယ်ဆိုတဲ့ စာအုပ်ကြီးနဲ့ တိုက်ကြည့် သုံးသပ်နေပါတယ်။ သူ မျှော်လင့်ထားတဲ့ ၂၀၁၅ အတွေးအခေါ်နဲ့ သုံးသပ်နေပါတယ်။
သမိုင်းမှာ ထူးခြားတဲ့ ပုဂ္ဂိုလ်တယောက်ရှိပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပါ။ ဆရာကြီးကတော့ သူဖြတ်သန်းတဲ့ သမိုင်းတလျှောက်မှာ လက်တွေ့နိုင်ငံရေးကို စာအုပ်နဲ့ တိုက်မကြည့်တတ်ဘူး။ အတွေးအခေါ်တွေကို တရားသေ မဆုပ်ကိုင်ဘူး။ လက်တွေ့ကို လက်တွေ့မြင်တဲ့ အတိုင်းသာ ဝေဖန်တိုင်းထွာလေ့ရှိတယ်။ ပြည်သူ့အကျိုးစီးပွားနဲ့သာ တိုက်ကြည့်လေ့ရှိတယ်။ ဒါဟာ ဆရာကြီးရဲ့ ထူးခြားချက်ပဲ။ ဒီထူးခြားချက်ကြောင့် ဆရာကြီးရဲ့ နိုင်ငံရေးသက်တမ်း၊ စာပေသက်တမ်းတလျှောက်မှာ ပြည်သူ့အကျိုးစီးပွားနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ အမှားမျိုး တခုမှမရှိခဲ့ဘူး။ ဆရာကြီးဟာ နိုင်ငံရေးသမားကောင်း၊ သတင်းသမားကောင်း၊ စာရေးဆရာကောင်းတယောက် ဖြစ်ခဲ့တယ်။
ဒီနေ့ခေတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးသမားကြီးငယ်ဟာ နိုင်ငံရေးကို သီအိုရီနဲ့ချည်း တိုက်တိုက်ကြည့်မနေဘဲ လက်တွေ့ပြည်သူတွေ ခံစားနေရတာတွေကို ကြည့်ပြီး သုံးသပ်ဆောင်ရွက်သင့်ပါတယ်။ သံဃာတွေ မီးလောင်နေတာ တွေ့ပါရက်နဲ့ ၂၀၁၅ ကို မက်ပြီး မပြောရဲ မဆိုရဲရင် ကျနော်တို့တိုင်းပြည်ရဲ့ အမျိုးသားညီညွတ်ရေးဟာ ဝေးသထက်ဝေးလိမ့်မယ်လို့သာ ထင်မြင်မိပါတယ်။
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဒီဇင်ဘာ ၂၁၊ ၂၀၁၂
Posted by ဒေါက်တာလွဏ်းဆွေ at 8:22 PM
Labels: ဆောင်းပါး