tin win akbar translation
Homo sapiens vs others.
ပါမောက္ခ Yuval Noah Harari ရဲ့ Banana in the heaven TED / talk နှင့် အခြား လက်ချာ တခုကို ပူးပေါင်းပြီး ဆီလျှော်အောင် မြန်မာမှု ပြုသည်။
လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀, ၀၀၀) အရင်က အာဖရိကတိုက် ကနေထွက်ခွါလာခဲ့တဲ့ Homo Sapiens(လူဖြစ် လာတဲ့ မျောက်မျိုးနွယ်၊ တနည်း လူသားမျိုးနွယ်) တွေဟာ တခြား သက်ရှိ သတ္တဝါတွေနှင့် ဘာမှ မခြား တဲ့ သတ္တဝါ တမျိုးသာ ဖြစ်ခဲ့ရာက ကမ္ဘာတခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားရုံသာမက၊ နေ စင်္ကြာဝဠာရဲ့ အပြင်ကိုတောင် လွှမ်းမိုးဖို့ အားယူနေတဲ့ သတ္တဝါ အဖြစ်ကို ရောက်ရှိလာအောင် တွန်းပို့ပေးတဲ့ လျှိ့ဝျက် ချက်က သူတို့ဟာ ဘယ့်လောက် ခက်ခဲ၊ ရှုပ်ထွေးတဲ့ အခြေအနေမျိုးမှာမဆို၊ ပြုပြင်ပြောင်းလဲ နိုင်စွမ်း ရှိရှိနှင့် အရေအတွက် အများအပြားပါဝင်တဲ့ အစုအဖွဲ့ အဖြစ်၊ ပီပီပြင်ပြင် ထိထိရောက်ရောက် ပူးပေါင်း လုပ်ကိုင် နိုင်တဲ့အရည် အသွေးကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။
ဒီအရည်အသွေးမျိုးဟာ တခြား ဘယ်သတ္တဝါမှာမှ မရှိပါဘူး။
လူသူ လုံးဝ မရှိတဲ့ ကျွန်းကြီး တခုမှာ Homo Sapiens တယောက်နှင့် ချင်ပန်ဇီ တကောင်ကို နေခိုင်းရင်၊ ရှင်ကျန်နိုင်မှာက ချင်ပန်ဇီပါ၊ Homo Sapiens မဟုတ်ပါဘူး။ Homo Sapiens ဟာ တယောက်တည်းဆို ရင်၊ တိရိစ္ဆာန် တကောင်လောက်တောင် အစွမ်းအစ မရှိပါဘူး။ အဲဒါပေမယ့် အစုအဖွဲ့နှင့် ဖြစ်လာရင်တော့ ဘယ်သူမှ လိုက်လို့ မမီတော့ပါဘူး။
အခုနက လူသူ လုံးဝ မရှိတဲ့ ကျွန်းကြီး တခုမှာ Homo Sapiens တထောင်နှင့် ချင်ပန်ဇီ တထောင်င်ကို နေခိုင်းရင်၊ ဘယ်သူတွေ ရှင်ကျန်မှာလဲ ဆိုတာ မေးစရာတောင် မလိုတော့ပါဘူး။
ဘော့လုံးကွင်းကြီးထဲ Homo Sapiens တသောင်းလောက် ဘာမှ ပြသာနာ မရှိပဲ နေနိုင်ပေမယ့်၊ ချင်ပန်ဇီ တသောင်းကို ထည့်ထားလိုက်လို့ကတော့ ထိမ်းမနိုင်၊ သိမ်းမရ ဖြစ်ကုန်မှာပါ။
Social insect (အစုအဖွဲ့အဖြစ် အတူတကွ ပူးပေါင်းနေထိုင်တတ်တဲ့)တွေဖြစ်တဲ့ ပျားတွေ၊ ပုရော ဆိတ် တွေက အရေအတွက် အတော်များများနှင့် ထိထိရောက်ရောက် ပူးပေါင်းလုပ်ကိုင် နိုင်ပေမယ့်၊ စိမ်ခေါ်မှု အသစ်၊ အခြေအနေ အသစ်၊ အန္တရာယ် အသစ်၊ အခွင့်အလမ်းအသစ် တစုံတခုနှင့် ကြုံတွေ့လာရင်၊ သူတို့က သူတို့ရဲ့ စုဖွဲ့နေထိုင်မှု စနစ်ကို ပြုပြင်ပြောင်းလဲပြီး၊ အနေအထားသစ်နှင့် ကိုက်ညီတဲ့ စုဖွဲ့နေထိုင်မှု ပုံစံသစ်ကို ဖန်တီး၊ တီထွင် နိုင် စွမ်း မရှိကြပါဘူး။
မျောက်၊ လင်းပိုင်တွေနှင့် ဆင်တွေက အခြေအနေသစ် တရပ်မှာ ပြုပြင်ပြောင်းလဲပြီး၊ အနေအထား သစ်နှင့် ကိုက်ညီတဲ့ စုဖွဲ့နေထိုင်မှု ပုံစံသစ်ကို ဖန်တီး၊ တီထွင် နိုင်စွမ်းရှိကြပေမယ့် များပြားတဲ့ အရေအတွက် ရှိတဲ့ အစုအဖွဲ့ အဖြစ် ဖန်တီးနေထိုင် နိုင်စွမ်း မရှိကြပါဘူး။ သူတို့က တစိမ်းတရံ မဟုတ်တဲ့၊ တကောင်ကို တကောင် ကောင်းကောင်း သေသေချာချာ သိရှိ၊ ရင်းနှီးတဲ့၊ အရေအတွက် အကန့်အသတ်နှင့်သာရှိတဲ့ အစုအဖွဲ့ အသေးလေးတွေ အဖြစ်သာ စုဖွဲ့နိုင်ပါတယ်။
Homo Sapiens တွေကသာ အသွင် မတူတဲ့၊ တကြိမ် တခါမှ မြင်တွေ့ဖူးခြင်း မရှိတဲ့၊ တစိမ်းတရံတွေနှင့် ဘယ်လို ပတ်ဝန်းကျင် အခြေအနေမျိုးမှာ မဆို၊ ထိထိရောက်ရောက် စုဖွဲ့ပြီး ပူးပေါင်း လုပ်ကိုင် နိုင်စွမ်းရှိကြတာပါ။
ဒါဆိုရင်၊ Homo Sapiens တွေက တခါဘူးမှ မြင်တွေ့ဘူးခြင်း မရှိတဲ့၊ တစိမ်းတရံများနှင့်၊ အရေအတွက် အများအပြားပါဝင်ပြီး၊ ကျစ်လစ် ခိုင်မာ သိပ်သည်းတဲ့ အစုအဖွဲ့ အဖြစ်၊ ဘာလို့ ပူးပေါင်း လုပ်ဆောင်နိုင်ရတာလဲ?
အတိုချုပ်ပြောရရင်၊ လူတွေရဲ့ တမူထူးခြားတဲ့ စိတ်ကူး၊ စိတ်သန်းကြောင့်ပါ။ လူသားတွေက ကြီးမားတဲ့ အစုအဖွဲ့ကြီး အဖြစ်၊ ပူးပေါင်းလုပ်ဆောင်လာတဲ့ အခါတိုင်းမှာ၊ ဒီလိုပူးပေါင်းလုပ်ဆောင်နိုင်အောင်၊ ဆွဲဆောင် စည်းရုံးတဲ့ စိတ်ကူးယဉ် ပုံပြင် ဇတ်လမ်းလေးတွေ ရှိစမြဲပါ။ ဒီ စိတ်ကူးယဉ် ဇတ်လမ်းကို လူတွေက ဖန်တီး၊ တီထွင်တာ ဖြစ်ပါတယ်။ ဒီဖန်တီး တည်ထွင်မှု အပေါ်ကို လူတွေက ယုံကြည် လက်ခံ ကြတယ်။ ပြီးတော့ မိမိနှင့် တွေ့ဆုံ သိကျွမ်းလာသူတွေကို ထပ်ပြီး လက်ဆင့်ကမ်း ပြောပြပြီး၊ ယုံကြည်သက်ဝင်ပြီး ပူးပေါင်းပါဝင်လာအောင် ဆွဲဆောင် စည်းရုံးတယ်။
ပူးပေါင်း ပါဝင်လာကြသူတွေက ဒီစိတ်ကူးယဉ် ဇတ်လမ်းကို ယုံကြည်နေသမျှ ကာလပတ်လုံး၊ သူတို့က သူတို့အတွက် သတ်မှတ်ပေးထားတဲ့ တာဝန်၊ ဝတ္တရား၊ စည်းမျဉ်း၊ စည်းကမ်းတွေကို အားလုံးက တန်းတူ တန်ဘိုးထားပြီး၊ သတ်မှတ်ချက် အတိုင်း တူညီစွာ ယုံကြည် လိုက်နာကြတယ်။
လူတယောက်က အခြား လူတစုကို “ဟေ့လူတွေ၊ ခင်ဗျားတို့ ကျွန်တော်ပြောတဲ့ အတိုင်း ပြုမူနေထိုင် ကြပါ၊ အဲဒီလို ပြုမူနေထိုင်ရင်၊ ခင်ဗျားတို့ နိဗ္ဗာန်ဘုံ ကိုပို့ခြင်း ခံရမယ်၊ အဲဒီမှာ ခင်ဗျာတို့ လိုချင်တာ အားလုံးရမယ်”။ “ပြောတဲ့ အတိုင်း မနေထိုင်သူတွေကတော့ မီးတောက်၊ မီးလျှံတွေနှင့် အတိပြီးတဲ့ ငရဲဘုံကို ပို့ခြင်းခံရလိမ့်မယ်” ဆိုတဲ့ စိတ်ကူးယဉ် ပုံပြင် (Fictional Reality)ကို ပြောပြလိုက်ပြီး၊ ကြားကြားသမျှသော သူတွေက အဲဒီလူ ပြောတဲ့ အတိုင်း ယုံကြည် လက်ခံ လိုက်ကြရော။
ဒါပေမယ့် ချင်ပန်ဇီတွေကို ချင်ပန်ဇီ တကောင် “ဟေ့ မင်းတို့ ငါပြောသလို လုပ်ကြ၊ ငါပြောသလို လုပ်ရင် မင်းတို့ ချင်ပန်ဇီ နိဗ္ဗာန်ကို ရောက်သွားပြီး၊ မင်းတို့ လိုချင် သလောက် ငပျော်သီးတွေ စားရမယ်လို့ ပြောရင်၊ ချင်ပန်ဇီတွေက ယုံကြမှာ မဟုတ်ဖူး။
ဘာဖြစ်လို့လဲ ဆိုရင် ချင်ပန်ဇီတွေက ထိတွေ့၊ ကိုင်တွယ်၊ ခံစား မြင်တွေ့လို့ ရနှိင်တဲ့ (Factual Reality) တွေကိုသာ သိရှိ ယုံကြည်ကြတာပါ။လူသားတွေလို စိတ်ကူး ဖြင့်သာ သိရှိနိုင်ပြီး၊ ထိတွေ့၊ ကိုင်တွယ်၊ ခံစား မြင်တွေ့လို့ မရနှိင်တဲ့ (Fictional Reality)ကို ယုံကြည်နိုင်စွမ်း မရှိကြဘူး။
အခု ကျွန်တော် ခင်ဗျားတို့ကို ဒီ စင်မြင့်ပေါ်က စိတ်ကူး ဖြင့်သာ သိရှိနိုင်ပြီး၊ ထိတွေ့၊ ကိုင်တွယ်၊ ခံစား မြင်တွေ့လို့ မရနှိင်တဲ့ (Fictional Reality)တွေကို ပြောနေပါတယ်။ အားလုံးက စိတ်ဝင်တစား ငြိမ်ငြိမ်သက်သက် အာရုံစိုက် နားထောင်ကြပါတယ်။
ချင်ပန်ဇီတွေက အဲဒီလို နားထောင်မှာ မဟုတ်ဘူး။ သူတို့မှာလည်း ဘာသာစကားရှိပါတယ်၊ သူတို့လည်း ဆက်သွယ် ပြောဆိုကြပါတယ်။ ဒါပေမယ့် သူတို့က ငပျော်သီးတွေ၊ ရန်သူဖြစ်တဲ့ ခြင်္သေ့တွေ၊ မြစ်ချောင်း အင်းအိုင်တွေ စတဲ့ ထိတွေ့၊ ကိုင်တွယ်၊ ခံစား မြင်တွေ့လို့ ရနှိင်တဲ့ (Factual Reality) တွေရဲ့ အကြောင်း ကို သာ ဆက်သွယ် ပြောဆိုကြမှာပါ။
Homo Sapiens တွေရဲ့ စိတ်ကူးယဉ် ပုံပြင် (Fictional Story)တွေထဲမှာ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေ ပါပါတယ်။ ဒီထဲက အပြောင်မြောက်ဆုံး ပုံပြင်က ငွေစက္ကူပဲဗျ။ စားလို့လည်းမရ၊ နမ်းလို့၊ ရှုလို့လည်း အာဟာရ မမြောက်တဲ့ ဒီစက္ကူ ပြတ်ကလေးက အရာအလုံးနီးပါးနှင့် လဲလှယ်လို့ရပြီး၊ Homo Sapiens တွေက အလွန် ယုံကြည်၊ တန်ဘိုးထားကြတာဗျ။ ဘယ့်လောက်တောင် တန်ဘိုးထား၊ ယုံကြည် သလဲ ဆိုရင်၊ အမေရိကန်ကို အသေမုန်း၊ အမေရိကန် ယဉ်ကျေုးမှုကို အသေမုန်း၊ အမေရိကန်တွေကို ကိုးကွယ်တဲ့ ဘာသာတရားကို အလွန်မုန်းတဲ့ ဘင်လာဒင် က အမေရိကန် ဒေါ်လာကိုတော့ အတော်ချစ် တယ် ဆိုပဲဗျ။
တောတွေ၊ တောင်တွေ၊ မြစ်ချောင်း၊ အင်းအိုင်တွေက ထိတွေ့၊ ကိုင်တွယ်၊ ခံစား မြင်တွေ့လို့ ရနှိင်တဲ့ (Factual Reality) တွေဖြစ်ပေမယ့်၊ အမေရိကန် ပြည်ထောင်စု ဆိုတာကတော့ စိတ်ကူး ဖြင့်သာ သိရှိ နိုင်ပြီး၊ ထိတွေ့၊ ကိုင်တွယ်၊ ခံစား မြင်တွေ့လို့ မရနှိင်တဲ့ (Fictional Reality)တွေပါ။
ဘုရား၊ ငွေ၊ နိုင်ငံ၊ လူ့အခွင့်အရေး စတာတွေက Homo Sapiens တွေရဲ့ စိတ်ကူးယဉ်ပြီး၊ တီထွင် ဖန်တီး ထားတဲ့ ပုံပြင်တွေ ဖြစ်ကြပြီး၊ ဒီ ပုံပြင်တွေက Homo Sapiens တွေကို ဘာမဆို (ကောင်းကောင်း၊ ဆိုးဆိုး) လုပ်ဖို့ တွန်းအားပေးနိုင်စွမ်းရှိပါတယ်။
Homo Sapiens တွေက (Factual Reality)နှင့် (Fictional Reality)နှင့် (Fictional Reality) ဆိုတဲ့ ဘဝ နှစ်မျိုးမှာနေနေကြပြီး၊ အခြား သတ္တဝါတွေက (Factual Reality) ဆိုတဲ့ ဘဝ တမျိုးတည်းမှာသာ နေထိုင်ကြပါတယ်။

No comments:
Post a Comment