Thursday, February 8, 2018

shwe zin Oo/ လူ ဝင်စား Reincarnation.

လူဝင်စားယောင်ဆောင် မြေးလေး နဲ့
မျက်စေ့မှိတ်ယုံ နေတဲ့ ဖွားဖွား အ အ

အချစ်ဆုံး မောင်လေး နဲ့ ခွဲခဲ့ရတာ နှစ် နှစ် ရှိပြီ  အချိန်သမားတော် ကု လည်း အလွမ်းတွေ မပြေနှိင် သေးပါဘူးကွယ်။

လူတွေ အားလုံးဟာ ကိုယ်ချစ်တဲ့သူ နဲ့ ပြန်မဆုံနိုင်တော့ဘူး ဆိုမှ ပြန်ဆုံ ချင်ကြတယ်၊ ဘ၀တွေ ခြားသွားလို့ ဖြစ်တည်နေတဲ့ ဘ၀မှာပျော်နေ ကြတယ် ဆိုတာ မိဘုရားကြီး ကို မေ့မရတဲ့ ဘုရင်ကြီး အတွက်  ဘ၀သစ် မှာ ချီးပိုးထိုး ကတော် ဖြစ်နေတဲ့ မိဘုရားကြီးကို ပြပြီး ဘုရားက  ဆုံးမ ခဲ့တယ်။

ဘုရားမရှိ တော့တဲ့ ဘ၀ တရားမသိတဲ့ ရွှေစင်ဦး မှာတော့ ကိုယ် အချစ်ဆုံး အဖိုး အဖွား မောင်လေး နဲ့ ကိုယ့် ယောက်္ခမကြီး ဆုံးသွားတဲ့ အခါ လူဝင်စားလေး အဖြစ်နဲ့ များ ပြန်တွေ့ရမလားလို့ မျှော်လင့်မိတယ်။

မြေးလေး ရလာတော့  အသားအရေ အမူအကျင့် တွေက ယောက်္ခမကြီး နဲ့ တပုံစံထဲဘဲ၊ သူထိုင်တတ်ခါစက အိပ်ယာပေါ်တင်ထားမိတယ်၊ ဖျာ လှမ်းထား တဲ့ အတွက် မွေ့ယာပေါ်ထားတော့ လက်ကလေး နဲ့ စမ်းပြီး ဖုံတွေ ရှိတယ် လှဲပေးပါ ဆိုတာ အမူအယာ နဲ့ပြောတယ်၊ ချစ်ချစ်ကြီး ကို ပြောမိတယ်၊ သေချာပေါက် လူဝင်စားလေး ဘဲပေါ့။

နဲနဲလေး သိတတ်လာတော့ ဖွားဖွားကြီး ဒေါ်ခင်နွဲ့ရီ လားဆိုတာကို အမြဲလမ်းကြောင်းပြီး မေးတယ်၊ မေးတိုင်း ခေါင်းခါတယ်၊ ဓါတ်ပုံပြပြီး ဒါမြေးလေး ပုံ မဟုတ်လားဆိုတော့လည်း ခေါင်းရမ်းတာဘဲ။

တနေ့ ချစ်ညီမ နဲ့ အတူ မြေးလေး နားထိုင်ရင်း မေးမိပြန်တယ် မြေးလေး က ...... လားဆိုတော့ ခေါင်းရမ်းတယ်၊ ဒါဆို ဖွားဖွားမောင်လေး မောင်ငြိမ်းချမ်း လားဆိုတော့ ပြုံးပြုံးလေး လုပ်ပြီး ခေါင်းငြိမ့်ပြတယ်။ နှစ်ယောက် စလုံး အံသြသွားတယ်၊ တကယ်တော့ တခါ မှလည်း မမေးဖူးဘူး မဟုတ်လည်း မဟုတ်နိုင်ဘူးလေ၊ မောင်လေး ဆုံးတုန်းက မြေးလေး က ဘိုက်ထဲမှာ လအတော်ရနေပြီလေ၊ အခုလည်း ဘာရယ် မဟုတ်ဘူး လျှေက်မေးမိသွားတာ။

နောက်ပြန်မေးတော့ ဘယ်သူမှ မဟုတ်ဘူး သားသားတဲ့၊ သူတတ်တာ ဖွား၊ ဖိုး၊ သားသား လေ၊ မြေးလေး ဘယ်လို ငြင်းငြင်း အိမ်ရောက်တိုင်း မေးတယ်၊ မောင်လေး သုံးနေကြ Roll on ဗူးလေး ပြပြီး ဘာလုပ်တဲ့ ဟာလည်း မေးတော့ ဂျိုင်းလေး မြှောက်ပြီး လိမ်းပြတယ်၊ ထူးတာ တခု ကတော့ အဲဒီ Roll on ဗူးမျိုးက မြေးလေး တို့ အိမ်မှာ မသုံးဘူး၊ ပုံစံလည်း မတူဘူး၊ သူဘဲ အလည်လွန်ပြီး သိ နေလား မသိဘူး။

ဒါပေမဲ့ သူပြောတိုင်း အဖွားပျော်သွားတဲ့ ပုံမြင်တော့ တတ်နိုင် သမျှဖြေရှာပါတယ်။ အဖွားလုပ်သူက စိတ်ကျေနပ်တဲ့ အဖြေများ ရရင် ပျော်လို့။

ပြောချင်တာက ဖွားဖွား အအ ဟာ မဖြစ်နိုင်မှန်း သိပေမဲ့ စကားတောင် မပြောတတ်သေး တဲ့ မြေးချစ်လေး လိမ်သမျှကို မျက်စေ့မှိတ်ပြီး ယုံနေပါတယ်၊ ခါးသီးတဲ့ အမှန်တရား ကို လက်မခံနိုင်ဘဲ အတု အယောင် ဘဝ ထဲမှာ သာယာ နေတဲ့ ဒေါင်းယောင် ဆောင်တဲ့ ကျီးဆိုတာ ဖွားဖွားချစ်သူ အပေါင်းတို့ သိစေချင်လို့ပါ။

ရွှေစင်ဦး
၇.၂.၂၀၁၈
.

No comments: