Saturday, November 9, 2013

မျှော်လင့်ခြင်း(ခင်မော်မော်-မန္တလေး)


မျှော်လင့်ခြင်း(ခင်မော်မော်-မန္တလေး)
January 20, 2013 at 12:10pm
မျှော်လင့်ခြင်း(ခင်မော်မော်-မန္တလေး)
အရပ်ထဲကကျွန်မကို ကွယ်ရာမှာ ပြောကြတာကတော့ လင်ပစ်မလေးတဲ့ရှင့် သူတို့ပြောကြတာလည်း မလွန်ပါဘူးလေ သူက ကျွန်မတို့ သားအမိကို ထားခဲ့ပြီး တိတ်တိတ်ကလေး ထွက်သွားတာ (၂)နှစ်တောင် ပြည့်သွားပြီဆိုတော့လည်း ပြောကြပေမပေါ့။ သူတိုတာက ကျွန်မရဲ့ ယောကျာ်း ကိုလှအေးပေါ့ရှင်၊ အေး လည်းအေးပါရဲ့လှလည်းလှပါရဲ့ ကျွန်မကတော့ သူကျွန်မတို့သားအမိကို ပစ်သွားတယ်လို့ လုံးဝကိုမထင်ပါ ဘူး။ သူငွေရှာသွားတာဘဲလေ အဆင်ပြေရင် ပြန်လာမှာပေါ့ ဒီလိုဘဲ ကျွန်မ တွက်ထားပါတယ်။ သူက လည်း သူပါဘဲ ခုချိန်ထိအောင် စာလေးတစ်စောင်တောင်မှ ရေးဖေါ်မရဘူး။ သာကြောင်းမာကြောင်းလေး တောင် လူကြုံနဲ့ မပြော အသဲမာလိုက်ပုံကတော့ ကျောက်ခဲအဖေခေါ်လောက်ပါရဲ့ရှင်သူထွက်သွားစကတော့ ကျွန်မမှာ အရူးတစ်ပိုင်းပါပဲ ဘာလုပ်လို့ ဘာလုပ်ရမှန်းလည်း မသိ၊ စားချိန်မမှန်၊ အိပ်ချိန်မမှန်နဲ့ သနပ်ခါး လိမ်းချယ်ဖို့ဆိုတာကတော့ ဝေလာဝေးပေါ့ရှင် နောက်ပြီး လူးတွေကျွန်မကို ကြည့်ကြပုံကလည်း သနား သလိုလို၊ ဘာလိုလိုနဲ့ အဓိပ္ပါယ်မျိုးစုံပါတဲ့၊ မျက်လုံးတွေကိုလည်း သတ္တိရှိရှိနဲ့ ရင်ဆိုင်ရပါသေးတယ်။
သူနဲ့ကျွန်မ စပြီးကြိုက်ကြတော့ အမေ့ကို ဖွင့်ပြောပြီး တိုင်ပင်ပါသေးတယ်။ အမေက သိပ်သဘော မတူပါဘူး သူက တရွာသားလည်းဖြစ်ပြန်၊ အလုပ်ကလည်း ဘာတစ်ခုမှ မယ်မယ်ရရ မတက်။ ပန်းရံဆရာ လေး၊ လက်သမားဆရာလေးဆိုလည်း တော်သေးရဲ့တဲ့။ အမေတို့ကတော့ နောင်ရေးကို အရှည်တွေးတာပေါ့ ဒါပေမဲ့လည်း မရပါဘူး၊ အချစ်မှာ မျက်စေ့မရှိဘဲ တားတဲ့ကြားက ဇွတ်ယူလိုက်ကြတာပေါ့ရှင်။ စကတည်း ရင်သကိုဆိုသလိုပါဘဲ ကျွန်မတို့နှစ်ယောက်အတွက် နေစရာအိမ်ကမရှိ၊ ချက်စားဘို့အိုးခွက်၊ ပန်းကန် ကလည်း မရှိသေး၊ မိဘဆိုတော့ သားသမီးကို မပစ်ရက်တော့ ပြန်ကြည့်ရှု့ကြပါတယ်။ ကျွန်မတို့ နှစ်ယောက်အတွက် ကျောချစရာနေရာကတော့ အမေတို့အိမ်ကလေးရဲ့ရှေ့မှာ ချထားတဲ့ ကုတင်လေးတစ်လုံး ပါဘဲ ဒါနဲ့ ပြောရအုံးမယ်ရှင် အမေတို့အိမ်ဆိုတာလည်း (၁ဝပေပတ်လည်) အခန်းကျင်းကျင်းလေး၊ အိပ်စရာ ကုတင်တစ်လုံးနဲ့ ကြောင်အိမ်ကလေး တစ်လုံးချထားပြီး ဒီအိမ်ထဲမှာပဲအိပ်၊ ဒီအထည်းမှာပဲချက်နဲ့ ဖြစ်သလို နေရစားရတာလေ။
အခုလိုကျွန်မတို့အတွက် နေစရာလေးပေးပြီး ထမင်းကျွေးထားတာလဲ ကျေးဇူးကြီးလှပါပိ၊ သူက လည်း အလုပ်မရှာရသေး ဒီလိုနေရင်းနဲ့ ကျွန်မမှာ ကိုယ်ဝန်ရှိလာပါလေရော ငွေကလိုလာပြီလေ အမေတို့ကို လည်းအားနာလာပြီ ဟောအခုဆို ကလေးမီးဖွားဘို့ စားစရိတ်တို့ အစစအရာရာပေါ့လိုလာပြီလေကျွန်မတို့ တခုခုတော့ လုပ်ကြရတော့မယ်၊ ဒီအတိုင်း နေလို့မဖြစ်ကြတော့ဘူး ကျွန်မလည်း စဉ်းစားမိတာနဲ့ ငွေရင်း လေးနဲနဲပါးပါးရှာပြီး ကြာဇံကြောဆိုင်လေး ဖွင့်လိုက်ပါတယ်။ ဆိုင်ဆိုတာကတော့ စားပွဲလေးတစ်လုံးနဲ့ ထိုင်ခုံလေး ငါးလုံးပါဘဲ။ ပန်းကန်ခွက်ရောက်ကတော့ အမေ့ဆီကပေါ့။ မဆိုးပါဘူးလေ ဟင်းရေလေးနဲ့ အချဉ်ကလေးနဲ့ဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်ဆိုသလို ရောင်းကောင်းပါတယ်။ သူကလည်း အလုပ်မရှိသေး တော့ မနက်စောစောထပြီး ကြောချက်လုပ်ကိုင်ပေးပါတယ်။ပျော်စရာကြီးပါဘဲရှင်။ ညနေပိုင်းဆို သူ့မှာ ပါလာတဲ့ စက်ဘီးဟောင်းလေးတစ်စီးနဲ့ ဟိုးနားဒီနားလျှောက်လည်ကြ၊ ညရောက်တော့ အရပ်ထဲကဗွီဒီယိုရုံ မှာ ကြည့်လိုက်ကြနဲ့ ရှေ့ရေးလည်း သိပ်မတွေးမိပါဘူးလေ
ဒီလိုနဲ့ သားဦးလေးကို မွေးဖွားခဲ့ပါတယ်။ ကျွန်မသားလေးက ချောလိုက်တာ မပြောနဲ့တော့ အသား လေးကလည်းဖြူ၊ နှာတံကလည်း ပေါ်ပေါ်သူ့အဖေနဲ့လည်း တော်တော်လေး တူပါတယ်။ သားဦးအရှူးဆိုတဲ့ အတိုင်း သူရောကျွန်မပါ ချစ်လိုက်ရတာတော့ တုန်လို့ပါဘဲ။
ကျွန်မအနားယူနေတုန်း အမေကကူပေးလို့ သူ့ဆိုင်လေးကို ဆက်ထွက်ပါတယ်။ တစ်လလောက်နားပြီး ကျွန်မအလုပ်ပြန်လုပ်ပါတယ်။ အဲဒီအချန်လောက်ကစပြီး သူ့အမူအရာတွေ ပြောင်းလာတာပါဘဲရှင်၊ မှိုင်တိုင် ငိုင်တိုင်နဲ့ပေါ့ ကြာလာတော့လည်း အိုးမရှိ အိမ်မရှိတော့ ဘဝလေးကိုသူ တွေးမိပြီး စိတ်ဓာတ်ကျလာပြီပေါ့ လေ။ တစ်နေ့တော့ သူကျွန်မကို ဖွင့်ပြောတယ် သူအဝေးမှာ သွားပြီး အလုပ်လုပ်ချင်တဲ့အကြောင်း ကျွန်မက လည်း ကလေးတဖက်နဲ့မို့ ဒီမှာဘဲ အလုပ်တစ်ခုရှာပြီး လုပ်ကိုင်စားဖို့ ဖြောင့်ဖျပါတယ်။ မှတ်မှတ်သားသား သားလေး (၂)လပြည့်ပြီး ရက်ပိုင်းလောက်မှာပေါ့ အဲဒီညကလည်း အိပ်မက်ဆိုးတွေကလည်း မက်လိုက်တာ မပြောပါနဲ့တော့ မိုးလည်းလင်းရော သူမရှိတော့ဘူးလေ။ သေချာတာက သူ့ဘီးဟောင်းလေးနဲ့ မှတ်ပုံတင် သွားပြီပေါ့။ ရက်စက်လိုက်ပါဘိ ကိုလှအေးရယ်လို့သာ အော်ဟစ်ငိုလိုက်ချင်ပါတော့သည်။ ကျွန်မမှာတော့ ဝမ်းနည်းကြေကွဲရ လွမ်းဆွတ်တမ်းတရနဲ့ဘဲ နေ့ရက်တွေ ကုန်ဆုံးခဲ့ရပါတော့တယ်။ ကံဆိုးတဲ့ထဲက ကံကောင်းတာလေးတစ်ခုကတော့ သူကျွန်မအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကလေးတစ်ခု ပေးထား ခဲ့တယ်လေ။ အဲဒါလေးကတော့ သားလေးမောင်းချမ်းအေးလေးပါပဲ။ ဒီသားလေးအတွက် ကျွန်မ ရုန်းကန် လှုပ်ရှားရဦးမှာပေါ့ရှင်။ သူထွက်သွားပြီး လေးငါးလကာတော့ ကျွန်မလိုက်ပြီးစုံစမ်းပါတယ် သူ့အမေကလည်း ရောက်လည်းရောက်မလာဘူးတဲ့။ သူ့သူငယ်ချင်းတစ်ယောက်ဆီ သွားစုံစမ်းတော့ ဖားကန့်ကို ဖော်တစ်စုနှင့် လိုက်သွားကြောင်း သိရပါတော့တယ်။
သားလေးအသက်က (၂)နှစ်နဲ့ (၂)လပြည့်သွားပြီဆိုတော့ သူထွက်သွားတာ နှစ်နှစ်တင်းတင်း ပြည့် သွားပြီပေါ့ ကြာတော့လည်း ကြာခဲ့ပါပြီလေ။ ဒါကြောင့်လည်း ကျွန်မကို လင်ပစ်မလေးလို့ ပြောကြတာပေါ့ ဘယ်သူတွေ ဘာပဲပြောကြပြောကြ ကျွန်မကတော့ မမှုပါဘူး သူကျွန်မတို့ သားအမိကို ပစ်သွားတယ်ဆိုတာ လုံးဝမယုံကြည်ပါဘူး။ သူ့သား ဒီလောကကြီးထဲမှာ အသက်မသေဘဲ ရှိနေအုံးမယ်ဆိုရင် သူ ကျွန်မအပေါ် မှာ မချစ်တော့လို့ သံယောဇဉ်မရှိတော့လို့ဘဲထားပါအုံး သူ့သွေးသားလေး ဖြစ်တဲ့ သားလေးမောင်ချမ်းအေး လေးစီကိုတော့ တနေ့နေ့ တချိန်ချိန်မှာ မုချရောက်လာမှာဘဲလို့ မျှော်လင့်ရင်းနဲ့ ကျွန်မဘဝလေးကို ဆက်လက်ရှင်သန်ရအုံးတော့မှာပေါ့ရှင်။

(ခင်မော်မော်-မန္တလေး)

No comments: