Tuesday, September 12, 2017

Brilliant mya than san. Inevitable consequences of birth, aging, pains & death.

sadhu sadhu sadhu.
Brilliant mya than san.
Inevitable consequences of birth, aging, pains & death.
Mya Than SanFollow
July 11 ·
၁၅။ ဇာတိ၏အကျိုးဆက် ဇရာနှင့်ဗျာဓိကို ရင်ဆိုင်ခြင်း
●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●●

နေ့စဉ်နှင့်အမျှ တွေ့မြင်ဆက်ဆံနေရသဖြင့် သည်နေရာက အမှုထမ်းတွေတော့ ဘယ်လိုနေမည်မသိ။ ကျွန်တော့် မှာတော့ သည်နေရာ ရောက်လေတိုင်း သိမ့်ခနဲဖြစ်ပေါ်ခဲ့ရသော ခံစားမှုလှိုင်းတွေက ကြီးမားလှသည်။
မကြာတော့ သော ကာလတွင် မလွဲမသွေဖြစ်ပေါ်လာမည့် ကျွန်တော့် အနာဂတ်ပုံရိပ်တွေကို ကြိုတင်ကြည့်ရှုနေရသလို ဖြစ်သည်။
နောက်များမကြာမီ ကျွန်တော်ကိုယ်တိုင် သွားလာလှုပ်ရှားနေထိုင်ရမည့်ပုံစံနှင့် လှုပ်ရှားမှုတွေကို ကျွန်တော်ကြိုတင် လေ့လာနေရသလို ဖြစ်သည်။ ကျွန်တော့် မျက်စိရှေ့တွင် လှုပ်ရှားသွားလာနေသူများကဲ့သို့ပင် ကျွန်တော်သည် လည်း တစ်နေ့တွင် ...
သည်နေရာသည် ဘိုးဘွားရိပ်သာပင်တည်း။
ကျွန်တော်တွေ့မြင်နေရသည်မှာ အသက်(၇ဝ)ကျော်မှ အသက် (၉ဝ)ကျော်အတွင်းရှိ အဘိုးအဘွားများ ကျွန်တော်တို့ အိမ်သူအိမ်သားတစ်ဦး၏ မွေးနေ့ကျရောက်လေတိုင်း ဘိုးဘွား ရိပ်သာတွင် အရုဏ်ဆွမ်း(သို့မဟုတ်)နေ့ဆွမ်းတစ်ခုခုကို ဆက်ကပ်လှူဒါန်းစမြဲပင်။
ကျွန်တော့်အိမ်တွင်လည်း သက်ကြီး ရွယ်အို မရှိမဟုတ်၊ ရှိသည်။ သို့သော် တစ်ယောက်တည်း။ ဘိုးဘွားရိပ်သာတွင်မူ ဘိုးဘွားတွေ(၂ဝဝ)နီးပါးရှိသည်။ အစုလိုက် အပြုံလိုက်တွေ့ရခြင်းပင် ဖြစ်သည်။ ပုံစံအမျိုးမျိုး၊ စရိုက်အဖုံဖုံ။
သူတို့သည် အကြောင်းအမျိုးမျိုးကြောင့် သည်ရိပ်သာတွင် လာဆုံကြသည်။ တူညီသောအကြောင်းတစ်ခု တော့ ရှိသည်။ ၄င်းမှာ သက်ကြီးရွယ်အိုဖြစ်ချိန်တွင် သားသမီးတို့၏ စောင်မကြည့်ရှုခြင်းကို မခံရခြင်းကိုကြောင့် ဖြစ်သည်။ ထို့အတွက် သည်နေရာကို ရောက်လာခြင်းပင်။
အဘိုး၊ အဘွားတွေထဲတွင် ဘွဲ့တွေ တသီတတန်းကြီးနှင့် ပုဂ္ဂိုလ်တွေလည်း ပါသည်။ အင်္ဂလိပ်စကားကို ပါးစပ်ဖျားက မချနိုင်အောင် ပြောနိုင်သူတွေလည်း ပါသည်။ တစ်ချိန်က နိုင်ငံရေးခေါင်းဆောင်၏ ကိုယ်ရေးအရာရှိ လုပ်ဖူးသူတွေလည်း ပါသည်။ ဘဝတစ်လျှောက်လုံး ဘိုးဘွားရိပ်သာ မရောက်ခင်အချိန်အထိ ချမ်းသာကြွယ်ဝခဲ့သူတွေလည်း ပါသည်။
အသားတွေရွှေလိုဝင်း၍ တစ်ချိန်က လှချင်တိုင်း လှခဲ့သော ဘွားဘွားတွေလည်းပါသည်။ ကျောင်းဆရာမကြီးတွေ ဖြစ်ခဲ့ဖူးသော၊ ဌာနဆိုင်ရာ အရာရှိမကြီးတွေ ဖြစ်ခဲ့ဖူးသော ဘွားဘွားတွေလည်း ပါသည်။
အခုတော့ သူတို့တတွေသည် လှုပ်တုပ်လှုပ်တုပ်မျှသာ။ ရိပ်သာ ဝန်ထမ်းဆရာ၊ ဆရာမတို့၏ ပြုစုစောင့်ရှောက် ပြောဆိုသမျှကို နာခံရသည့် အနေအထား။ ရိပ်သာစည်းကမ်းအတိုင်း နေထိုင်၊ ကျင့်ကြံ၊ စားချိန်စား၊ အိပ်ရာထချိန်ထ၊ အိပ်ချိန်အိပ်၊ ဘုရားဝတ်ပြုချိန် ဝတ်ပြုနှင့် နားတွေလည်း လေးကုန်ပြီ။ မျက်လုံးတွေလည်း မွဲကုန်ပြီ။ လှုပ်ရှားမှု တွေလည်း တုံ့နှေးကုန်ပြီ။
အချို့မှာ ထမင်းစားဆောင်သို့ပင် မလာနိုင်တော့။ အိပ်ရာထဲတွင် လဲနေသည်။ လှူဒါန်း သော အစားအသောက်ကို အဆောင်၌ပင် ယူစားသည်။ မသွားနိုင်၊ မလာနိုင်သော အဘိုးအဘွားတို့ကို အဆောင် တွင်းအရောက် အလှူငွေသွားရောက်ပေးအပ်သည့်အခါ ပိုမိုဆို့နစ်ကြေကွဲရသည်။
သူတို့သည် မျက်ရည်စမ်းစမ်း ကလေးတွေဖြင့် အလှူရှင်ကို ဆုတွေပြန်ပေးနေရသည်။ စားပင်မစားနိုင်။ အနားနား လူလာရပ်သည်ကိုပင်မသိ။ နွမ်းနယ်ညစ်ထေးနေသော စောင်ကလေးတွေခြုံ၍ ကွေးနေသည်မှာလည်း ရင်နင့်စရာ။
သည့်ထက်ဆိုးသူတွေက ဆေးရုံပေါ်ရောက်ပြန်သည်။ ဆေးရုံတက်နေသော အဘိုးအဘွားတို့ကို အလှူငွေ ပေးအပ်သည် အခါမှာလည်း မကြည့်ရက်စရာ မြင်ကွင်းတွေက ဆီးကြိုနေပြန်သည်။ အချို့က တုံးလုံး၊ အချို့က အသံပင်မထွက်နိုင်တော့။ အချို့က ဘာလှူသလဲပင် မသိ။ အချို့ ဘွားဘွား၏ ခန္ဓာကိုယ်လေးမှာ ပေါင် ၅ဝ ကျော်မည်မဟုတ်ဟု ခန့်မှန်းရသည်။
ရိပ်သာဆရာမက ''အလှူရှင်လာနေတယ်လေ အဘွားရဲ့၊ ဆုပေးလိုက်ပါဦး'' ဟု သတိပေးသံကြားမှ သူတို့နှုတ်ဖျားလေးတွေ တိုးတိုးတိုးတိုး ရေရွတ်တာလေးတွေကို တွေ့နေရသည်။ သူတို့တွင် 'သတိ'ဟူသည် မရှိတော့သလောက်ပင် ဖြစ်နေလေပြီ။
သူတို့သည် စွန့်ခွာကြရတော့မည့် လူ့ဘဝ၏ နောက်ဆုံး အချိန်မှန်း သေချာနေသည့်အချိန်တွင် မည်သည့်အရာကို သိနေမည်နည်း။ ထိုသို့သိရန်အတွက် 'သတိ' သည် အားကောင်းပါသေးသလား။
ကျွန်တော်သည် နောင်အနှစ်သုံးဆယ်ခန့်တွင် ထိုသို့သော ဘဝ၏ နောက်ဆုံးအခြေ အနေမျိုး ရင်ဆိုင်ရချိန်၌ ကျွန်တော်ရော ဘာကို 'သတိ' ထားမည်နည်း။
''လူ့ဘဝတစ်လျှောက်လုံး အလုပ်တွေလုပ်နေကြတယ်။ အရေးကြီးတယ်၊ အရေးကြီးတယ်နဲ့၊ ဘာတွေအရေး ကြီးနေတာတုံး။ တရားအားထုတ်ဖို့အတွက် အချိန်ကော၊ မယူကြတော့ဘူးလား၊ တရားအားထုတ်ဖို့ သင့်တယ်နော်။ ဘာတွေကို အရေးကြီးတယ်လို့ ယူဆဦးမှာလဲ။
တရားအားထုတ်ဖို့ အချိန်မရှိတော့လောက်အောင် အရေးတကြီး ဖြစ်နေတဲ့ သူတွေဟာ သေဖို့အတွက်ရော အချိန်ရှိဦးမှာလား။ ဒါ စဉ်းစားသင့်တယ်နော်။
ဘဝတစ်လျှောက်လုံး အရေးကြီးတယ်ထင်ပြီး အချိန်ကုန်ခံလုပ်ခဲ့တဲ့ အလုပ်တွေဟာ သေခါနီးအချိန်မှာ ဘာမျှမဟုတ်မှန်း သိလာရတယ် နော်။ အဲဒါကို သတိထားဖို့ လိုပါတယ်။ ဒါကြောင့်မို့ သတိဟာ အင်မတန်မှ အရေးကြီးပါတယ်''
ဆရာတော်ဦးဇောတိက(ပျဉ်းမနား)၏ တရားသံကို ကျွန်တော် ပြန်လည်ကြားယောင်မိလေသည်။ ဘိုးဘွား ဆေးရုံမှ ထွက်လာတော့ အပြင်တွင် ဘိုးဘွားချို့ လမ်းလျှောက်နေတာတွေ့ရသည်။
အဘွားတစ်ယောက်က အစာ ကျန်လေးတွေစု၍ ခိုတွေကို အစာကျွေးနေတာကိုလည်း တွေ့ရသည်။ ခေါင်းပေါင်းပန်းရောင်နှင့် အင်္ကျီအဖြူ သပ်သပ်ရပ်ရပ်၊ သန့်သန့်ပြန့်ပြန့်နှင့် အဘိုးတစ်ယောက်ကိုလည်း တွေ့ရသည်။
သည်နေရာကို ရောက်နေသော အဘိုးအဘွားတို့၏ မျက်လုံးထဲတွင် တူညီသော အရိပ်ယောင်တစ်ခုကို ကျွန်တော်ရှာဖွေတွေ့ရှိမိသည်။ သူတို့၏ မျက်လုံးများတွင် အားကိုးအားထား၊ တစ်ခုကို မျှော်လင့်ထားသည့် အရိပ်အယောင်များ လွှမ်းခြုံနေသည်ဟု ကျွန်တော် ထင်သည်။
သူတို့၏ ငယ်ဘဝများသည် တက်ကြွမှုတို့ဖြင့် ပြည့်လျှမ်းခဲ့ပေမည်။ အချို့သည်လည်း ပညာမာန၊ ပစ္စည်း မာန၊ ရာထူးမာနတို့ဖြင့် ရင်ကော့၊ လက်မထောင်၊ မာန်ဝင့်ခဲ့ပေလိမ့်မည်။ အချို့သည်လည်း ရှိနေသောအရာများ တဖြည်းဖြည်းပျက်စီးသွားခြင်းကို မသိချင်ယောင်ဆောင်၍ နေခဲ့ပေလိမ့်မည်။
အချို့သည်လည်း သူတို့ငယ်စဉ်က တာဝန်ထမ်းစဉ် နုသွေးစိုကြွသော အချိန်တွင် ရှိနေသည့် အောင်မြင်မှု၊ ဓနဥစ္စ စည်းစိမ်နှင့် မျှော်လင့်သမျှ ပြည့်စုံ ခဲ့မှုတွေသည် သူတို့အနားတွင် ထာဝစဉ်အစောင့်အရှောက်အဖြစ် ရပ်တည်နေလိမ့်မည်ဟု ပုံသေယူဆထားခဲ့ကြပေ လိမ့်မည်။ သို့သော် ယခုအခါ ...။
ဘဝတဏှာဟူသည် အစွဲအလမ်းကြောင့် ဇာတိသည် စ၍ဖြစ်တတ်သည်။ မွေးဖွားခြင်းဟူသော ဇာတိကြောင့် ပင်လျှင် အိုခြင်းဟူသော ဇရာသည်လည်း မလွဲမသွေ ရှိလာရစမြဲ။ ဇရာကြောင့်ပင်လျှင် နာခြင်းဟူသော ဗျာဓိကို လည်း တွေ့ကြုံရစမြဲပင်။ ပြီးလျှင် မရဏဟူသော သေခြင်းဆီသို့ ...။
ဘုရားအလောင်းသိဒ္ဓတ္ထသည် ဘဝအဆက်ဆက်ဖြည့်ခဲ့သော ပါရမီအဟုန်တို့ကြောင့် သူအို၊ သူနာ၊ သူသေ၊ ရဟန်းတည်းဟူသော နိမိတ်ကြီးလေးပါးကို တွေ့မြင်ရုံနှင့် တုန်လှုပ်ကာ သတိသံဝေဂရလျက် ထီးနန်းကိုစွန့်ခွာ တောထွက်ကာ မအို၊ မနာ၊ မသေခြင်းဟူသော တရားကို ရှာဖွေခဲ့လေသည်။
ကျွန်တော်တို့ကမူ နိမိတ်ကြီးလေးပါးကို နေ့စဉ်နှင့်အမျှတွေ့ရသော်လည်း တုန်လှုပ်လေ့မရှိ။ ကိုယ်နှင့်မဆိုင်ဟုသာ သဘောထားတတ်ကြသည်ကိုး ...။
ဆိုင်လာသည့်အချိန်သို့ မလွဲမသွေရောက်လာသောအခါတွင်တော့ တကယ်တုန်လှုပ်ကြတော့သည်။ ထိုအခါမှ နိဗ္ဗာန် ကို ကမန်းကတန်း လိုချင်၍လည်း မရနိုင်တော့ပါပေ။
အသက်ကြီးပြီ။ သတိကို ထိန်းသိမ်း တည်ထောင်နိုင်ရန် အင်အားမရှိတော့။ စွမ်းရည်တွေက ယုတ်လျော့လျက်ရှိနေပေပြီ။
မအိုခြင်း၊ မနာခြင်း၊ မသေခြင်းများရှိသည့် နိဗ္ဗာန်သို့ ရောက်နိုင်မည့် မဂ္ဂရှစ်ပါးတည်းဟူသောလမ်းကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက ရှာဖွေတွေ့ရှိပြသခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော်တို့က လျှောက်ရုံသာ၊ လျှောက်ချင်စိတ်ရှိဖို့တော့ လိုပါသည်။
သည်ရိပ်သာတွင်ရောက်နေသည့် အဘိုးအဘွားတွေထဲမှ နောက်ဆုံးအခြေအနေရောက်နေသည့် (အိုခြင်းနှင့် နာခြင်းကို ပူးတွဲရင်ဆိုင်နေရသည့်)အဘိုးအဘွားများသည် နောင်မွေးနေ့အလှူလာလုပ်သည့်အခါ ဘယ်နှယောက် လောက် မရဏနှင့်မိတ်ဆက်သွားမည်ကို မခန့်မှန်းနိုင်။ ကျွန်တော်လည်း မသေချာ။
သေချာတာတစ်ခုတော့ လုပ်နေဖို့ အရေးကြီးသည်။ အချိန်ရှိတုန်းလေးမှာ နိဗ္ဗာန်ရောက်ကြောင်း တရားဖြစ် သည့် သတိပဋ္ဌာန်တရားတော်ကို မပြတ်နှလုံးသွင်းအားထုတ်နေဖို့ပဲ ဖြစ်ပါသည်။ ။
လျှပ်တစ်ပြက်ဂျာနယ်
၁၉၉၇ခုနှစ်။
LikeShow more reactions
Comment
Comments
Hla Myint
Hla Myint sadhu sadhu sadhu.
Brilliant mya than san.
Inevitable consequences of birth, aging, pains & death.
LikeShow more reactions
· Reply · 41 mins
Manage

No comments: