Wednesday, February 27, 2013

လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ သဘောထားထုတ်ပြန်ချက်

Khin Mgoo shared Nayt Thit's status.
41 minutes ago
လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ သဘောထားထုတ်ပြန်ချက်
ရက်စွဲ ( ၂၃ .၂ .၂၀၁၃ )

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းသည် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် မြန်မာဝမ်ပေါင် မိုင်းနင်းကော့ပါး လီ မီတက် (တရုတ်ကုမ္ပဏီ) တို့ အကျိုးတူလုပ်ကိုင်နေသော စီမံကိန်းဖြစ်သည်။ စီမံကိန်း အကောင်အထည် ဖော်နိုင်ရန်အ တွက် ကုမ္ပဏီနှစ်ခုသည် လယ်မြေဧက ၇၈၆၈.၇၈ဧက သိမ်းယူထားသည့်အပြင် ရွှေ့ပြောင်း ဖျက်သိမ်းရန် ကျေးရွာ လေးရွာ ပါဝင်လျက်ရှိသည်။ လက်ပန်တောင်းတောင်သည် တောင်(၃၃) လုံး ဖြင့် စုဖွဲ့ထားသော တောင်စု တောင်တန်း ဖြစ်သည်။ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော လက်ပန်တောင်းတောင်သည် လယ်တီဆရာ တော် သီတင်းသုံး ကျမ်းပြုစုခဲ့သော သာသနိက အဆောက်အဦများရှိသော နယ်မြေဖြစ်သည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုပ်ကိုင်နေသော မြန်မာဝမ်ပေါင်နှင့် စံပါယ်တောင်၊ ကြေးစင်တောင် ကြေးနီ စီမံကိန်း လုပ်ကိုင်နေသော မြန်မာ ယန်စီ ကုမ္ပဏီတို့သည် မိခင် ကုမ္ပဏီ တစ်ခုတည်း ဖြစ်ပြီး စစ်လက်နက်များ ထုတ် လုပ်နေသော နိုရီကို ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီများသာ ဖြစ်သည်။ စံပါယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံ ကိန်း ဧရိယာဝန်းကျင်တွင် မြေအောက်ရေဆုံးရှုံးမှု၊ လေထုတွင်း အက်စစ်ဓါတ် ပြန့်နှန့်မှုကြောင့် လေထုညစ်ညမ်းမှု၊ မြေပေါ်သယံဇာတ လယ်ယာမြေ ပျက်စီးမှုများမှာ တစ်ဆထက် တစ်ဆ ပိုမိုပျက်စီးလျှက်ရှိသည်။ စံပါယ်တောင် ဧရိယာ သည် ဧက(၄၀)မျှသာရှိပြီး လက်ပန်တောင်းတောင် ဧရိယာသည် ဧက(၁၅၀၀)ခန့် ရှိပြီး သဘာဝ သယံဇာတ ပျက်စီးမှု မှာ ပိုမိုပျက်စီးဆုံးရှုံးနိုင်သည်။ လက်ပန်တောင်းတောင်ဒေသတွင် လက်ပန်တောင်းတောင်နှင့် မြေပေါ် မြေအောက် သယံဇာတများ သာသနိက အဆောက်အဦများ ပျက်စီး ဆုံးရှုံး ပျောက်ကွယ်သွားမည့် အရေးကြောင့် ပြည်သူများက လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ဖျက်သိမ်းရေးကို တောင်းဆိုရခြင်း ဖြစ်သည်။

အမျိုး ဘာသာ သာသနာကို ကာကွယ် ထိန်းသိမ်း စောင့်ရှောက် လိုခြင်းသည် လက်ပန်တောင်းတောင်ဒေသ ပြည်သူ များနှင့် မြန်မာနိုင်ငံသားတို့၏ ပြင်းပြသော ဆန္ဒ သဘောထားဖြစ်သည်။ ကုန်ဆုံးနိုင်သည့် သဘာဝ အရင်းအမြစ် ကုန် ထုတ်လုပ်ရေး လုပ်ငန်းများကို တနပ်စား ကုန်ထုတ်လုပ်မှု ပေါ်လစီကို အခြေမပြုဘဲ သားစဉ်မြေဆက် အကျိုးကို ရှေးရှု သော အမျှော်အမြင်ရှိသည့် ရင်းနှီးမြှတ်နှံမှု ပေါ်လစီကိုသာ ကမ္ဘာနိုင်ငံများမှ ကျင့်သုံးနေချိန် ဖြစ်ပါသည်။ သို့သော်လည်း ယခု လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း တွင်မူ ကုမ္ပဏီတို့၏ အကျိုးစီးပွား သက်သက်ကိုသာ အခြေခံပြီး ပွင့်လင်း မြင်သာမှု မရှိသည့် သဘောတူ စာချုပ်များနှင့် တနပ်စားဉာဏ်ဖွံ့ဖြိုးရေး ပေါ်လစီအပေါ် အခြေခံထားသောကြောင့် စီမံ ကိန်း လုံးဝဖျက်သိမ်းရေးကို တောင်းဆိုရခြင်းဖြစ်သည်။ တရားမျှတမှု ကင်းမဲ့သော ကြီးပွားချမ်းသာရေး သက်သက် စီးပွားရေး ပေါ်လစီတို့သည် တည်ငြိမ်အေးချမ်းမှု၏ ရန်သူပင်ဖြစ်ပါသည်။ ကြေးနီစီမံကိန်း ထုတ်လုပ်မှုမှ ရရှိလာသော အကျိုးအမြတ်တို့သည် ဒေသခံ ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် မည်မျှ အကျိုးရှိပါသလဲ။ လက်ပန်တောင်းတောင် ဖြိုဖျက်လိုက်မှုကြောင့် ရရှိလာသောတန်ဖိုးသည် သဘာဝ ပတ်ဝန်းကျင် သဟဇာတ ကောင်းမွန်နေမှုကို မည်မျှ လဲလှယ် ရမည်လဲဆိုတာ အဓိက စဉ်းစားရမည့် အချက်ဖြစ်ပါသည်။ မြေလျော်ကြေး သက်သက် ပြဿနာ ရှုထောင့်မှ မကြည့်ဘဲ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ အမျှော်အမြင်ရှိသည့် ရင်းနှီး မြှုပ်နှံမှု ဟုတ်မဟုတ၊် ယဉ်ကျေးမှုဆိုင်ရာ ဘာသာ သာသနာ အမွေအနှစ်များ ထိခိုက်မှု ရှိ မရှိ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ၏ အမျိုးသားအကျိုး စီးပွားပေါ် နစ်နာမှု ရှိ မရှိ တို့နှင့်ပါ သက်ဆိုင်နေသောကြောင့် ကြေးနီစီမံကိန်း ပြဿနာကို ထိထိရောက်ရောက် ဖြေရှင်း ရန်လိုပါသည်။ ပွဲပြီး မီးသေ ကြားချ ဖြေရှင်းမှုများသည် အန္တရာယ်ကြီးသော ဖြေရှင်းမှု ဖြစ်သောကြောင့် တာဝန်ရှိသူများ အနေဖြင့် ပြည်သူ့ ဆန္ဒကို ဗဟိုပြု စဉ်းစား လက်ခံဖြေရှင်းမှုသာ အကောင်းဆုံး ဖြစ်ပေသည်။ ပြည်သူတို့၏ ဆန္ဒသည် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးကိုသာ လိုလားတောင်းဆိုနေကြသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေးကို ဆန့်ကျင်ကန့်ကွက်နေသော ရဟန်းသံဃာတော်များ နှင့် ပြည်သူများရှိသော သပိတ်စခန်းများကို စစ်ခရိုနီကြီး ဦးပိုင်ဘက်မှ ကာကွယ်ပေးနေသော အစိုးရ အာဏာပိုင်များက ၂၉.၁၁.၂၀၁၂နေ့တွင် မီးလောင်ဗုံးသုံး အကြမ်းဖက် ဖြိုခွင်းနှိမ်နင်း ခဲ့သည်။ ပြည်သူတရပ်လုံး ဝိုင်းဝန်းတောင်းဆိုနေ သော လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးကို စုံစမ်းစစ်ဆေးခြင်း သက်သက်မဟုတ်ဘဲ ပြည်သူ့ဆန္ဒ ကို လေးစားအသိအမှန်ပြုရန်သာ လိုအပ်ပါသည်။ လက်ပန်တောင်းတောင်အရေးကြောင့် ဒေသအသီသီတွင် ဖမ်းဆီးခံရ သူများ ရှိနေသော်လည်း အာဏာပိုင်အစိုးရသည် မီးလောင်ဗုံးသုံး တရားခံကို ယနေ့အချိန်ထိ မဖော်ထုတ်သေးဘဲ ထိန် ချန်ထားလျက်ရှိသည်။ စုံစမ်းစစ်ဆေးရေး ကော်မတီတွင် အကြမ်းဖက်မှုနှင့်ပတ်သတ်ပြီး ဖော်ထုတ်ရန် တာဝန် မပါဝင်ခဲ့ သော်လည်း အကြမ်းဖက်မှု ကိစ္စကို မေ့လွယ် ပျောက်လွယ် သဘောထားရန် မဖြစ်ပေ။ နိုင်ငံတော်အဆင့် အကြမ်းဖက် မှုကို အစိုးရတရပ် အနေဖြင့် တာဝန်ယူမှု မရှိပါက အစိုးရ အကြမ်းဖက် စနစ်တစ်ရပ်ကို အသိမှတ်ပြုရာ ရောက်သော် ကြောင့် ပြင်းထန်စွာ ဖော်ထုတ်အရေးယူရန် လိုအပ်သည်။

အသွင်ကူးပြောင်း ယနေ့ ဒီမိုကရေစီကာလတွင် ပြည်သူများကို ကိုယ်စားမပြုသော မည်သည့်အစိုးရ မည်သည့်လွှတ် တော် ကိုယ်စားလှယ်ကိုမှ လက်ခံမည်မဟုတ်ဘဲ စစ်အုပ်ချုပ်ရေး စစ်စနစ်ဆိုး စစ်စရိုက် အကျွင်းအကျန်များကို အပြီး တိုင် ဆန့်ကျင်သွားမည် ဖြစ်သည်။

သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
၁၃၇၄ ခုနှစ်၊ ပြာသို လဆန်း (၁၃)ရက် ။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက်။

No comments: