Thursday, March 2, 2017

2 march 2017 ဇော်ဝင်း ၈၈ ဗကသ ကျောင်းသားဟောင်း ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မဘသ ဘုန်းတော်ကြီးတချို့ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။

2 march 2017
ဇော်ဝင်း ၈၈ ဗကသ ကျောင်းသားဟောင်းဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မဘသ ဘုန်းတော်ကြီးတချို့ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။


မဘသရဲ့မေတ္တာ ဘယ်ပန်းချီရေးလို့မှမမှီပါလေ

ဦးဝီရသူပြောတာက “အရပ်ထဲမှာ သောင်းကျန်းနေတဲ့ ခွေးရူးကို သေစေချင်နေပေမယ့် မသတ်ဝံ့ဘူး ။ သတ်ဝံ့သူ ပေါ်လာလို့ သတ်ပေးလိုက်တော့ အားလုံးက ကျေးဇူးတင်သလို ကျေးဇူးတင်တယ်” လို့ဆိုသွားပါတယ်။ ဦးကိုနီကို ခွေးရူးလို့ နှိုင်းပြောပါတယ်။ ဘုန်းတော်ကြီး တပါးမဆိုထားနဲ့။ လူဆိုးလူမိုက် နှုတ်ဖျားကထွက်ရင်တောင် နားမခံနိုင်လောက်အောင် ရင့်သီးရိုင်းစိုင်းတဲ့ စကားဖြစ်ပါတယ်။ ဒါ့အပြင် “ခွေးရူးကိုသေစေချင်နေပေမယ့် မသတ်ဝံ့ဘူး” လို့လည်း ဆိုထားပြန်လေတော့ သူက ဦးကိုနီကို သေစေချင် နေတယ်ဆိုတဲ့သဘောပေါ့။ ပါဏာတိပါတကံကို မနောကံမြောက် ဝစီကံမြောက် ကျူးလွန်တဲ့စကားပါပဲ။ လူသတ်သမားကြည်လင်းကိုလည်း ကျေးဇူးတင်လိုက်သေးပြန်ပါသတဲ့။
----------------------------------------------------

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး မဘသ ဘုန်းတော်ကြီးတချို့ရဲ့ မှတ်ချက်စကားတွေ ထွက်ပေါ်လာပါတယ်။

ဦးဝီရသူပြောတာက “အရပ်ထဲမှာ သောင်းကျန်းနေတဲ့ ခွေးရူးကို သေစေချင်နေပေမယ့် မသတ်ဝံ့ဘူး ။ သတ်ဝံ့သူ ပေါ်လာလို့ သတ်ပေးလိုက်တော့ အားလုံးက ကျေးဇူးတင်သလို ကျေးဇူးတင်တယ်” လို့ဆိုသွားပါတယ်။  ဦးကိုနီကို ခွေးရူးလို့ နှိုင်းပြောပါတယ်။ ဘုန်းတော်ကြီး တပါးမဆိုထားနဲ့။ လူဆိုးလူမိုက် နှုတ်ဖျားကထွက်ရင်တောင် နားမခံနိုင်လောက်အောင် ရင့်သီးရိုင်းစိုင်းတဲ့ စကားဖြစ်ပါတယ်။ ဒါ့အပြင် “ခွေးရူးကိုသေစေချင်နေပေမယ့် မသတ်ဝံ့ဘူး” လို့လည်း ဆိုထားပြန်လေတော့ သူက ဦးကိုနီကို သေစေချင် နေတယ်ဆိုတဲ့သဘောပေါ့။ ပါဏာတိပါတကံကို မနောကံမြောက် ဝစီကံမြောက် ကျူးလွန်တဲ့စကားပါပဲ။ လူသတ်သမားကြည်လင်းကိုလည်း ကျေးဇူးတင်လိုက်သေးပြန်ပါသတဲ့။

နောက်ထပ်ဘုန်းတော်ကြီးတပါးကတော့ မဘသဗဟိုအဖွဲ့ အတွင်းရေးမှူး မြစေတီ ဆရာတော် ဦးဝိမလဗုဒ္ဓိဖြစ်ပါတယ်။ သူပြောတာက

''ကိုနီ ကိုချည်းပဲ မဟုတ်ဘူး၊ လုပ်နေတဲ့ လုပ်ငန်းက တိုင်းပြည် ချောက်ကျအောင် လုပ်နေတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက အဲဒီလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို သတ်ချင်နေတာနော်၊ အဲဒါ သတိပေးလိုက်။''
လို့ပြောပါတယ်။  နောက်လူတွေကိုတောင် “သတ်ချင်နေတာနော်၊ သတိပေးလိုက်” လို့ပြောသွားပါသေး တယ်။
“ဦးကိုနီလိုမျိုး အခြေခံဥပဒေပြင်လိုသူတွေကို မုန်းတီးသူ၊ သတ်ချင်သူတွေ အများအပြား ရှိတယ်” လို့ လည်း ပြောသွားပါသေးတယ်။ နိုင်ငံရေးပိုဆန်လာပါတယ်။ အခြေခံဥပဒေပြင်ချင်ရင် အသတ်ခံရမယ်လို့ ပြောသွားတာဟာ တနိုင်ငံလုံးက ပြည်သူတွေရဲ့ သဘောထားကိုလည်း ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။

ဦးကိုနီကွယ်လွန်ကာစက မဘသ ဘုန်းတော်ကြီးတွေ ဒီလိုစကားမျိုး မပြောကြပါဘူး။ တကယ်ဆို အဲဒီတုန်းက ပူပူနွေးနွေး အချိန်ကာလ။ စိတ်လိုက်မာန်ပါ ပြောမှားဆိုမှား ဖြစ်မယ်ဆိုရင် အဲသလိုပူပူနွေးနွေးအချိန်မှာ ဖြစ်ခဲ့ဖို့ ကောင်းတယ်။ အဲဒီတုန်းက ပူပူနွေးနွေးမှာ အောက်ခြေမျိုးချစ်တွေက ဆဲကြဆိုကြတာတောင် မဘသ ထိပ်သီး ဘုန်းတော်ကြီးတွေက အသာလေးငြိမ်နေခဲ့ကြပါတယ်။ ဘာလို့ငြိမ်နေသလဲဆိုတော့ သူတို့ကိုယ်တိုင် အဖြူအမည်း မသဲကွဲသေးသလို အထက်အမိန့်လည်း မရသေးလို့ပါ။ လူတယောက်အသတ်ခံရတာကို ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်မကောင်းကြောင်း၊ ဒီကိစ္စဟာ မသသနဲ့ မသက်ဆိုင်ကြောင်းတောင် ပြောလိုက်ပါသေးတယ်။ မဘသ ဘုန်းတော်ကြီးတွေ ဟာ အဲဒီတုန်းက အသာလေးငြိမ်နေခဲ့ပြီး အခုလူသတ်တရားခံတွေဟာ စစ်အာဏာရှင်တွေနဲ့ သိပ်နီးကပ်နေတာကို ထင်ထင်ရှားရှားတွေ့မြင်ရတဲ့ အချိန်ကျမှ ဒီလိုစကားမျိုး ထွက်ပြောလာတာဟာ သိပ်ထူးခြားပါတယ်။ အခုအချိန်ဟာ စစ်အာဏာရှင်တွေအတွက်မျက်နှာသိပ်ပျက်နေရတဲ့ အချိန်ပါ။ တရားခံ အောင်ဝင်းခိုင်ရဲ့ ယောက်ဖဟာ ဒေါ်ကြိုင်ကြိုင်ရဲ့ တူဖြစ်နေပြီး အောင်ဝင်းခိုင်ရဲ့အနီးကပ်မိတ်ဆွေ၊ တပတ်စဉ် တည်းဆင်း၊ လက်ဖက်ရည်သောက်ဖက်လင်းဇော်ထွန်းဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေး အရာရှိဟောင်းဖြစ်နေပါတယ်။ အောင်ဝင်းခိုင်ဟာ လင်းဇော်ထွန်းမဲအောင်နိုင်ရေး ကူညီဆောင်ရွက် ပေးခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင်အောင်ဝင်းခိုင်ဟာ သူ့အစ်ကို အဖမ်းခံရပြီး သူ့အတွက် အန္တရာယ်သိပ်နီးနေချိန်မှာ နေပြည်တော်ကိုသွားရောက်ရှောင်တိမ်းခဲ့ပါတယ်။ အဲဒီမှာပဲ ခြေရာပျောက် သွားပါတယ်။ ဒီလိုအခြေ အနေမျိုးတွေဟာ ဘာကိုညွှန်ပြနေသလဲဆိုတာကို ပြည်သူလူထု တရပ်လုံးက နားလည် သဘောပေါက်နေကြပါတယ်။ အထုပ်အထည်ဟာ စစ်အာဏာရှင်တွေရဲ့ ခေါင်းပေါ်ရောက်နေပါပြီ။ ဒီလိုအချိန်မျိုးမှာ မဘသ ဘုန်းတော်ကြီးတွေက “ဦးကိုနီအသတ်ခံရတာ ဝမ်းသာတယ်။ နည်းတောင် နည်းသေးတယ်။ ဦးကိုနီက ခွေးရူးနဲ့တူတယ်။ ဦးကိုနီလို အခြေခံဥပဒေကိုပြင်ဖို့ကြိုးစားရင် ထပ်ပြီးတောင် သတ်လိုက်ဦးမယ်” ဆိုတဲ့ စကားမျိုးတွေ ပြောလိုက်တာဟာ စစ်အာဏာရှင်တွေ အတွက် နည်းနည်းလေးဖြစ်စေ အသက်ရှူချောင်သွားစေပါတယ်။ စစ်အာဏာရှင်အပေါ်မှာ လုံးလုံးကျရောက်နေတဲ့ စွဲချက်ဟာ မဘသနဲ့ ဘာသာရေး အစွန်းရောက်တွေဆီကို ဦးလှည့်ရမလိုဖြစ်နေပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ အလိုကျကွက်တိပါပဲ။ သတင်းစာရှင်းလင်းပွဲနေ့တုန်းက ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆွေနဲ့ ရဲချုပ်ဇော်ဝင်းတို့ ပြောသွားတာကို အားလုံးမှတ်မိကြဦးမှာပါ။ “လူငယ်လေးတွေရဲ့ အစွန်းရောက်မျိုးချစ်စိတ်ကြောင့်” လုပ်ကြံကြတာပါတဲ့။ လူသတ်ရခြင်း ရည်ရွယ်ချက် (Motive) ကို နိုင်ငံရေး မတည်မငြိမ်ဖြစ်အောင် ဒီချုပ်ပါတီဒုက္ခရောက်အောင်ဆိုတဲ့ လမ်းကြောင်းဖက် မရောက်ဘဲ မဘသဘက်ရောက်အောင် တွန်းပို့ချင်တဲ့ ဆန္ဒဟာ ပေါ်လွင်ထင်ရှားနေပါတယ်။ မျိုးချစ်စိတ်ကြောင့်လို့ပဲ သူတို့က ထင်စေချင်တယ်။ နိုင်ငံရေးရည်ရွယ်ချက်ကြောင့်လို့ ထင်မှာစိုးနေကြပါတယ်။

တကယ်တော့ အောက်ခြေက မဘသတွေဟာ နိုင်ငံရေးပယောဂမပါတဲ့ ရိုးရိုးဘာသာရေး အစွန်းရောက်တွေပါ။ အထက်ပိုင်းက မဘသတွေကတော့ ရိုးရိုး မဟုတ်ဘူး။ နိုင်ငံရေးပယောဂ ပူးကပ်ကြီးစိုးခြင်းခံရသူတွေပါ။ ဗိုလ်အောင်သောင်း၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ရဲ့ အပူဇော်ခံ၊ အလှူဒါန်းခံပုဂ္ဂိုလ်တွေပါ။ ဒါ့ကြောင့်လည်း စစ်ဗိုလ်ချုပ်ကြီးတွေက ပြောခိုင်းလို့သာ အခုလိုအချိန်မျိုးမှာကျမှ ထပြောလာတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။ ပြောတဲ့အချိန် (Timing) ကိုကြည့်ရင် အဲသလို ယူဆစရာဖြစ်နေပါတယ်။ ဒီဘုန်းတော်ကြီးတွေ ပြောတဲ့စကားတွေကိုကြည့်ရင် ဦးကိုနီကိုသတ်သူတရားခံဟာ မဘသတယောက်ယောက်ပဲလို့ သံသယဝင်လာလောက်အောင်ပြောတဲ့ စကားတွေ ဖြစ်ပါတယ်။ ဒါကို ဒီဘုန်းတော်ကြီးတွေ မသိလို့မှားပြောတာ မဟုတ်ပါဘူး။ သိသိနဲ့ပြောတာပါ။ သိလျက်နဲ့ အခုလို ထုတ်ဖော်ပြောဆို တာဟာ စစ်အာဏာရှင်တွေ အနေအစားချောင်အောင် အငှားဗိုက်နဲ့ ဝင်ပြီး ဓားထိုးခံတာပါ။ ဒကာတော် သခင်ကြီးများ အတွက် နည်းနည်းမှသက်သာသက်သာ ဆိုတဲ့ သဘောနဲ့ ဝင်ပြောပေးတာပါ။ စစ်အာဏာရှင်တွေက ပြောခိုင်းလို့ ပြောတာပါ။ ဒီဘုန်းတော်ကြီးတွေဟာ ထောက်လှမ်းရေး ဘုန်းကြီးတွေတောင် ဖြစ်နိုင်ခြေရှိပါတယ်။ ထောက်လှမ်းရေးစစ်စစ် မဟုတ်ရင်လည်း ထောက်လှမ်းရေးကြိုးဆွဲခံတွေ ဖြစ်မှာပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒီဘုန်းတော်ကြီးတွေဟာ သူတို့ကိုယ်တိုင်ရဲ့ မဘသ အဖွဲ့ကိုတောင် နာမည်အပျက်ခံပြီး စစ်အာဏာရှင်တွေကို ဝင်ရောက်ကယ်တင်ပေးနေလို့ပါ။

တကယ်တော့ ရိုးရိုးမဘသဟာ လူတယောက်ကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံလောက်အောင် ဇ မရှိပါဘူး။ ဗုဒ္ဓဘာသာ အစွန်းရောက်သူတွေဖြစ်တဲ့ အတွက် လူသတ်ဖို့လည်း ဝန်လေးကြပါတယ်။ အကြမ်းဖက် လုပ်ကြံတဲ့ အစဉ်အလာ ရာဇဝင်လည်း မရှိပါဘူး။ လူသတ်လက်နက်နဲ့လည်း မရင်းနှီးမယဉ်ပါးပါဘူး။ လူသတ်မှုရဲ့ နောက်ကွယ်က အကောင်ကြီးဟာ ဘယ်လိုနည်းနဲ့မှ သာမန်မဘသတယောက် မဖြစ်နိုင်ပါဘူး။ လူသတ်ရခြင်းရဲ့ အကြောင်းရင်း (Motive) ဟာလည်း ဘာသာရေးနဲ့မျိုးချစ်စိတ်ကြောင့် မဖြစ်နိုင်ဘူး။ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုကြီးပါ။ နိုင်ငံရေးအရ ဒီချုပ်အစိုးရနဲ့ အတိုက်အခံဒီမိုကရေစီသမားတွေကို ဦးတည်ရည်ရွယ်လုပ်ကြံတဲ့ နိုင်ငံရေးလုပ်ကြံမှုပါ။ ဦးကိုနီကိုမုန်းရုံသက်သက်နဲ့ လုပ်ကြံတာလည်း မဟုတ်ပါဘူး။ အလွန်ကြီးမားတဲ့ နိုင်ငံ ရေးရည်ရွယ်ချက်အတွက် ဦးကိုနီကို စတေးလိုက်တာပါ။

မဘသဘုန်းတော်ကြီးတွေ ဝင်ပြီးဗိုက်အငှားနဲ့ ဓားထိုးခံတာကတော့ အချိန်ကာလကို (Timing) ကိုကြည့်ပြီး သုံးသပ်ရရင် အထက်အမိန့်ရောက်လာလို့ပဲ ဖြစ်မှာပါ။

ဆရာသိန်းသန်းထွန်းဝတ္ထုကို ရုပ်ရှင်ရိုက်ကူးထားတဲ့ ဘယ်ပန်းချီရေးလို့မှမမှီ ရုပ်ရှင်ကိုတောင်မှ သတိရမိပါသေး တယ်။

နန်းနုမှာ ငန်းဥပေါ်တာဟာ ဖခင်ဖြစ်သူ ကျောင်းစိတ္တ လက်ချက်မှန်းသိတော့ သူ့သား အယ်ရိုးက ဝင်ပြီး ဓားစာခံလုပ်တယ်လေ။ သူ့အဖေ့ကျေးဇူးကို ဆပ်ချင်လို့အဖေ့ကိုယ်စားဓားစာခံဝင်လုပ်တာ နောက်ဆုံး တော့ အသက်တောင်ဆုံးပါရော့လား။ ဖြစ်မှဖြစ်ရလေ အယ်ရိုးရယ်.... ဖအေ့ကိုယ်စားလှည်းကျိုးဝင်ထမ်းရတယ်လို့။ မင်းခေါင်းထဲကို ညောင်မိစ္ဆာကများ ကွမ်းသွေးထွေးထည့်သွားလေသလား အယ်ရိုးရာ။

ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း

No comments: