News Feed

ဖေဖေ နဲ့ ရွှေစင်ဦး ငယ်ဘဝများ အပိုင်း (၃)
ဖေဖေ နဲ့ ပတ်သက်လို့ နောက်ထပ်အမှတ်တရ တခုကတော့ ဖေဖေ နဲ့ အတူ ကြည့်ခဲ့တဲ့ ရုပ်ရှင်ကား များပါဘဲ .... မောင်နှမ များကတော့ အံသြမှာဘဲ ... ဖေဖေ နဲ့ အတူများ ရုပ်ရှင် ကြည့်ခဲ့တယ် ဆိုပြီးတော့ ...
တကယ်လည်း ကျနော့် ဖေဖေ ဟာ ပြောစမှတ် ပြုလောက်အောင် ရုပ်ရှင် မကြည့် ... ဝတ္ထု .. မဂ္ဂဇင်း မဖတ် ပါဘူး ... ဗွီဒီယိုခေတ်ကြမှ ... မြစ်ကြီးနား ကို ရထား နဲ့ သွားတော့ ရထားပေါ်မှာ ကျော်ဟိန်း လူပျိုကြီး လုပ်တဲ့ ဟာသ ကားကြည့်ပြီး တဟားဟား နဲ့ သဘောကျ သွားပြီး ကျော်ဟိန်း ကို စတွေ့ဘူးတာပါ ...
ကျနော် တို့ . အိမ်မှာ Times တို့ Newsweek တို့ Reader's digest တို့ ယူပါတယ် ... ဖတ် ပါတယ် (ဖေဖေ ပါ) .. (ကျနော် တို့ မောင်နှမ တွေ အတွက်တော့ အလယ် စာမျက်နှာ ဟာ ကြော်ငြာ ဆိုရင် စာအုပ်ဖုံးခွင့် ရှိပါတယ် ) ... ဒါကြောင့့်  အဲဒီ မဂ္ဂဇင်း တွေ ထဲမှာ ပါတဲ့ .. ကမ္ဘာကျော် စာရေးဆရာများ ရဲ့ စာအုပ်ကောင်းများ နဲ့ စာ တွေ အကြောင်းတော့ retold တွေ ဖတ်ပြီး ဖေဖေ သိ ပါတယ် .. စာအုပ် နာမည်များ နဲ့ တော့ ရင်းနှီး ပါတယ် ...
စာအုပ်နာမည် ဆိုလို့ တခုသတိ ရသွားတဲ့ အတွက် ကြော်ငြာ ၀င်ပါမယ် .. ကိုကိုးအိမ် Ko Koe Eain ထုတ်ဝေသူ လုပ်တဲ့ စာရေးဆရာ များနဲ့ စာရေးဆရာ မဟုတ်တဲ့ ကျနော် အပါအဝင် သုံးဆယ်တယောက် ရဲ့ စာများကို စုပေါင်းပြီး စကားဝါပွင့် တို့ ရဲ့ ဒိုင်ယာရီ ဆိုပြီး ဟိုတလောက စာအုပ်တအုပ် ထုတ်ပါတယ် ..
အဲဒီစာအုပ် ကို အစောပိုင်း က ကိုကိုးအိမ် က ပန်းစုံသီတဲ့ကြိုး ဆိုပြီး နံမည်ပေးပါတယ် ... ကျနော့် ကို တိုင်ပင်ပါတယ် .. ပန်းသီတဲ့ကြိုး ဆိုတာ ဆရာဝင်းဖေ ရဲ့ တကယ့် နံမည်ကြီး Classic ရုပ်ရုင်ကားကြီး နာမည် .. မတော်ဘူး ထင်တယ် ဆိုတော့ ...
ကျနော် တို့က ပန်းစုံ (ကလောင်စုံ) ပေါ့တဲ့ ... အင်း ဒီကလေးတော့ ကွာ .. ဆိုပြီး ဆရာသော်တာဆွေ ရဲ့ ဘွန္တောကြက်သူခိုး ဆိုတဲ့ စာအုပ် ဖတ်ဖူးလား.. ဆိုတော့ မဖတ်ဖူးဘူးတဲ့ ... အဲဒီထဲမှာ မကောင်းတဲ့ မိန်းမလေး နံမည်က ပန်းစုံ လေ ဆိုတော့ လည်း ဘာဖြစ်လည်း ဆရာမ ကလည်းတဲ့ ..
အင်း ဒီနာမည် နဲ့ ဆိုရင် စဉ်းစားရအုန်းမယ် လို့ ပြောလိုက်တယ် .. အဲဒီတုန်းက ညီမ အိန်ဂျယ်လှိုင် လည်း ရှိတယ် ထင်တယ် ... သူကလည်း နံမည်ပြောင်းဖို့ ကူ နားချ ပါတယ် .. ဒါနဲ့ နံမည်ပြောင်း ဖြစ်သွားပါတယ် .. စကားဝါပွင့် တို့ ရဲ့ ဒိုင်ယာရီ တဲ့ ... အဲဒီ နာမည်ပြောင်းတော့ ကျနော့် ကို ပြောသွားတယ်ဗျ ..
ဆရာမ ဒီနံမည်မျိုးရော ဆင်တူရှိလား တဲ့ .. ဆရာမ က ခေါင်းစဉ် တွေ သိလို့တဲ့ .. အင်း ဒုက္ခ ... ငါ ဖေဖေ ကို စ ခဲ့သမျှ ၀ဋ် လည်ပါပြီ ဆိုပြီးတော့ပေါ့ ... ပြောချင်တာက အဲဒီထဲ မှာ ကျနော့် ရဲ့ စာတပုဒ် ပါ ပါတယ် အီးမေးလ် မှား .. အဆုံး အပုဒ်မပါ .. တချို့ စာအုပ်မှာ စာမျက်နှာလိုက် ကျန်ခဲ့ပါတယ် .. မန္တလေး အတွက် စာအုပ်တွေကို တော့ တအုပ်ခြင်း စစ်ပြီးတော့ လိုတာ အကုန်ပြင်ပေးလိုက်ပါတယ် ..
ရန်ကုန်ဖြန့်တဲ့စာအုပ် တွေကတော့ ဒီတိုင်း အကုန်ပါသွားတော့မှာဖြစ်တဲ့ အတွက် .. ကျနော်လည်း စိတ်ပျက် လက်ပျက် ဖြစ်ပြီး ကြော်ငြာ မဝင်ခဲ့မိပါဘူး ... ပြောချင်တဲ့ အဓိက အကြောင်း ကတော့ အဲဒီစာအုပ် တအုပ်လုံး မှာ အကြိုက်ဆုံး တပုဒ် ပါ ပါတယ် .
မဟာမိုင်း Kogyimind Mind ရဲ့ ဇရာ ဆိုတဲ့ စာလေးပါ ... ဖတ်ကြည့်ကြပါ ... တော်တော် ကောင်း ပါတယ် ... ဘဝ ဆိုတာ နောက်ဆုံး တော့လည်း ဘာဆို ဘာမှ မဟုတ်တော့ ပါလား .. လူ့တန်ဖိုးဆိုတာ ဘာလည်း ဆိုတာ ကို ပို သဘောပေါက် သွား သလို ... မအို မနာ မသေ ခင်မှာ ဘာတွေ လုပ်သင့်သလည်း ဆိုတာ စဉ်းစား သွားစေ ပါ တယ်.. ကြုံရင်ဖတ်ကြည့် ကြပါ ... မနေည က တီချမ်း Addy Chen နဲ့ တွေ့လို့ စာအုပ် ဝယ်လိုက်တယ် လို့ ပြောတာနဲ့ ... သတိရသွားလို့ ပြောပြတာပါ ...
အစပြန်ကောက်ရရင် ..ကျနော် ငယ်ငယ် က ဖေဖေ ဟာ အင်္ဂလိပ် ရုပ်ရှင်ကားများ ကို တော်တော် ကြည့် ပါတယ် ... အဲဒီအချိန် က မန္တလေး မှာ အင်္ဂလိပ် ကားပြတာ မစိုးရိမ် နဲ့ ၀င်းလိုက် ပါဘဲ ... ကျနော် တို့ သားအဖ က မစိုးရိမ် မှာ ကြည့်တာ များ ပါတယ် .. ရုပ်ရှင် မကြည့်ခင် အိမ်က ကြိုထွက်ပါတယ်... ကျနော် က ဖေဖေ ရဲ့ ယောက်ကျားစီး ရလေးဘီးကြီး ရဲ့ ရှေ့ဘားတန်းလေး မှာထိုင်ပြီး လိုက်သွားနေကြပါ
အိမ်ကနေ ခုနှစ်ဆယ့်သုံးလမ်း တလျှောက် သွားရင်း .. စားချင်တာ တွေ့ရင် ၀ယ်ကျွေး ခိုင်း ပါတယ် ... ကျနော့် ဖေဖေ က အစား အသောက် နဲ့ ပတ်သက်ရင် သားသမီး ကို မကျွေးဖူး ဆိုတာ ဘယ်တော့မှ မရှိပါဘူး .. ချက်ခြင်း စက်ဘီးရပ်ပြီး ၀ယ်ကျွေးပါတယ် ... ဒါပေမဲ့ စက်ဘီး မထွက်ပါဘူး ... စားတဲ့ မုန့် ကုန်မှ ဆက်သွားပါတယ် ... လမ်းဘေး ပလက်ဖောင်း မှာ ပြောင်းဖူးပြုတ် ကြီး တဖူး ကုန်အောင် မနည်းတွယ် နေတဲ့ ကလေး တယောက် .. ရေခဲမုန့် ကတော့ ကြီး ... တခါတလေ အရေစက်လက် ကျနေတဲ့ ရေခဲချောင်းကြီး ကိုင်ပြီး ဟိုငေးဒီငေး လုပ်နေတဲ့ ကလေး တယောက် နဲ့ စက်ဘီး ဒေါက်ထောက်ပြီး စားသောက်ပြီး တာကို စိတ်ရှည် လက်ရှည် စောင့်နေတဲ့ အဖေ တယောက် ကို အခုတောင် လှမ်းမြင် လာသလို ပါဘဲ ...
လမ်း ရှစ်ဆယ် တလျှောက်မှာ မစိုးရိမ် ရုပ်ရှင်ရုံ ကို ကျော်သွားတော့ အရှေ့ဖက် ပလက်ဖောင်း မှာ စားပွဲ တွေ ခင်းပြီး ရောင်းနေ တဲ့ ကြေးအိုးဆိုင် ရှိပါတယ် ... ကြေးအိုး တပွဲ မှာ ပါတယ် ... လောဘ ကြီးသော ရွှေစင်ဦး က တပွဲ မှာတာ မကျေနပ် ပါဘူး .... ဖေဖေ နှစ်ပွဲ မှာပါ ဆိုတော့ သမီး တပွဲ ဘဲ အရင် ကုန်အောင် စားပါအုန်း ဆိုပြီးပြော ပါတယ် ...
တကယ်တော့ ကျနော် စားရတာ မဝ လို့ မဟုတ်ပါဘူး .. ဖေဖေ မစား ဘဲ နေတာကို ကြည့်ပြီးတော့ ပြောတာပါ ... နောက်တော့လည်း ဘယ်လောက်ဘဲ ကြိုက်ကြိုက် အဲလောက် ပုဂံ အကြီးကြီး နဲ့ အငွေ့ တထောင်းထောင်း ထနေတဲ့ ကြေးအိုး ပွဲကြီး ကို ကလေး လေး တယောက် က ဘယ်လောက် ထိ စားနိုင်မှာလည်း ... ကျနော် မစားနိုင်မှ ဖေဖေ ဘက်ကို ပို့လိုက်မှ ပိုတာ ကိုမှ ဖေဖေ က စား တာပါ ... သားအဖ နှစ်ယောက် အဲဒီလို စားသောက်ရင်း လည်း ရုပ်ရှင်ကား တွေ အများကြီး ကြည့်ဖူး ခဲ့ကြပါတယ် .. .. (ဆက်လက်ဖော်ပြပါမယ်)
လေးစားစွာဖြင့်
ရွှေစင်ဦး
.