Aung Aung Myint shared a post to your timeline.
2 hrs ·

Zaw Win
စစ်အာဏာရှင်စနစ်ကိုဖြိုချချင်ရင် ဘာတွေလုပ်ဖို့လိုအပ်သလဲ
===================================

တကယ်လို့ တော်လှန်ရေးတရပ်ဆင်နွှဲပြီး နိုင်ငံတော် အာဏာကို သိမ်းပိုက်နိုင်ခဲ့ရင်တောင်မှ ဟောဒီအချက်တွေကို မလုပ်ဘဲ စစ်အာဏာရှင်စနစ်ကို မဖြိုဖျက်နိုင်ဘူး။
၁။ ပြည်သူလူထုကို ပစ်မိန့်ပေးခဲ့သူတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကို နှိပ်စက်ညှဉ်းပန်းခဲ့သူတွေ၊ တိုင်းရင်းသားရွာတွေကို ဖျက်ဆီးမီးရှို့မုဒိန်းကျင့်ဖို့ အမိန့်ပေးခဲ့သူတွေကို တပ်မတော်ထဲကနေ အနိမ့်ဆုံးအဆင့်ဖယ်ရှားရမယ်။ ဒုတိယအဆင့် နောင်မှာ ဒါမျိုးထပ်မပေါ်ပေါက်အောင် ဥပဒေနဲ့အညီ အရေးယူရမယ်။
၂။ တရားဝင်ရတဲ့ လစာနဲ့ မထိုက်တန်မဆီလျော်ဘဲ အဆပေါင်းများစွာ ချမ်းသာနေတဲ့ တပ်မတော် အရာရှိကြီးတွေကို တပ်ကနေ ဖယ်ရှားရမယ်။ အရေးယူရမယ်။ သူတို့ခိုးယူထားတဲ့ ဥစ္စာစည်းစိမ်ကို ပြည်သူပိုင်သိမ်းရမယ်။ ကျိကျိတက်ချမ်းသာနေတဲ့ တပ်မတော်အရာရှိကြီးတွေရှိနေသမျှ ဘယ်တော့မှ တပ်မတော်ကောင်းတရပ် မပေါ်ထွန်းနိုင်ဘူး။
၃။ တပ်မတော်ထဲဝင်တဲ့သူ ချမ်းသာတယ်ဆိုတဲ့ စနစ်နဲ့ မျှော်လင့်ရည်မှန်းချက်မျိုးမပေါ်ပေါက်စေရဘူး။ တပ်မတော်ထဲဝင်တဲ့သူဟာ နိုင်ငံရေးအရ အရေးပါအရာရောက်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့် ရည်မှန်းချက်မျိုး မပေါ်ပေါက်စေရဘူး။ တပ်မတော်ထဲကို ကြီးပွားလိုစိတ်နဲ့ ဝင်ရောက်လာသူတွေ ရှိနေသေးသမျှ ဘယ်တော့မှ တပ်မတော်ကောင်းတရပ် မပေါ်ထွန်းနိုင်ဘူး။ တပ်မတော်ထဲကို ကြီးပွားလိုစိတ် အခွင့်ထူးခံချင်စိတ်နဲ့ ဝင်ရောက်နေရာယူတဲ့သူတွေ ရှိနေတာဟာ အာဏာရှင်စနစ် သက်ဆိုးရှည်စေခြင်းရဲ့ အကြောင်းရင်း တရပ်ဖြစ်တယ်။
၎။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်း မရှိစေရဘူး။ တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းမှန်သမျှ ဖျက်သိမ်းရမယ်။ ဦးပိုင်လို၊ MEC လိုဟာမျိုးတွေကို ပြည်သူပိုင်သိမ်းရမယ်။ အဲဒါတွေဟာ စစ်အာဏာရှင် စနစ်ရဲ့ ဒေါက်တိုင်တွေဖြစ်တယ်။ လှေကြီးပေါ်တွင်လှေငယ်တင်ထားတဲ့ဟာတွေ ဖြစ်တယ်။
၅။ တပ်မတော်က နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခွင့်မရှိစေရဘူး။
၆။ တပ်မတော်ရဲ့ အလေ့အထဟောင်း အတွေးအခေါ်ဟောင်းတွေကို အားလုံးပြောင်းလဲပြင်ဆင်နိုင်ဖို့ တပ်မတော်တခုလုံးကို နိုင်ငံရေးသင်တန်း၊ ဥပဒေသင်တန်း၊ လူ့အခွင့်အရေးသင်တန်းတွေ ပညာပေးလုပ်ငန်းတွေလုပ်ဖို့လိုတယ်။
နိုင်ငံတော် အာဏာသိမ်းပိုက်နိုင်ခဲ့ရင်တောင်မှာ အဲဒါတွေ မလုပ်ရင် စစ်အာဏာရှင်စနစ်ကို မဖျက်သိမ်းနိုင်သေးဘူး။
ဒါ့ကြောင့် နောက်ကြောင်းမပြန်ပါဘူး။ တပ်မတော်ကို မထိပါဘူး။ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ဝင်ရောက်မစွက်ဖက်ပါဘူးဆိုတဲ့ ကတိအာမခံချက်တွေပေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်တဲ့နည်းနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းဖို့ဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေး လမ်းစဉ်ဟာ လမ်းစဉ်အမှားဖြစ်တယ်။
၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းရေးဟာ အရေးကြီးတာမှန်တယ်။ ဒါပေမယ့် ၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပြီးတာတောင် အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို အကောင်အထည်မဖော်နိုင်သေးရင် စစ်အာဏာရှင်စနစ်မချုပ်ငြိမ်းနိုင်သေးဘူး။ ပုဒ်မ ၄၃၆ တခုပြင်ဖို့တောင် ကြောက်ချေးပါနေရတဲ့ ဘဝနဲ့ စစ်ဖိနပ်အောက်ကလွတ်မြောက်ရေးဟာ ဆယ်ဘဝဆယ်ကမ္ဘာလောက်ဝေးတယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးနည်းလမ်း တနည်းအားဖြင့် စစ်တပ်ကို ချော့မြူ ဆက်ဆံတဲ့ နည်းလမ်းနဲ့ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းနိုင်မယ်ဆိုတာ စိတ်ကူးယဉ်မှုနဲ့ အထင်အမြင်မှားယွင်းမှု (illusion) သာဖြစ်တယ်။
ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အာဏာရှင်စနစ်ကို ဖြိုချနိုင်မယ့် အစွမ်းအစအရည်အချင်းမရှိတော့ဘူး။ ဒေါ်အောင်ဆန်းစုကြည်ခေတ်ကုန်သွားပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံတဲ့နည်း၊ စစ်အာဏာရှင်ရှေ့မှာ ကာရပ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုထိခိုက်မှာစိုးလို့ မပြောမဆိုနှုတ်ပိတ်နေတဲ့နည်းတွေကို ဆက်လက် ကျင့်သုံးနေကြရင် အလုပ်မဖြစ်နိုင်တော့ဘူး။ လမ်းကြောင်းသစ်ကိုရှာကြဖို့လိုပြီ။
ဇော်ဝင်း
၈၈ ဗကသကျောင်းသားဟောင်း