Sunday, December 10, 2017

Rahul Kyaw Ko Ko
 
လူမျိုးရေးမုန်းတီးမှုလား၊လူမျိုးစုံချစ်ကြည်မှုလား
10 dec. 2017.
------------------------------------------------
ချင်းကျောင်းသားလေးကို ဗမာစကားနားမလည်လို့ ဆရာမက မျက်နှာတပြင်လုံး ပွစာတက်နေအောင် ကုတ်ခြစ်မှုပြုလုပ်ခဲ့တာ သက်သေအထင်အရှားရှိတယ်။ကလေး အလက ၄ ကျောင်းက ဒုတိယတန်းကျောင်းသားလေး မောင်ယောဆွလာလ်ဇထန်းဖြစ်ပါတယ်။၁၇. ၁၁. ၂၀၀၉ ခုနှစ်ဖွားဆိုတော့ အသက်ရှစ်နှစ်ပဲရှိပါသေးတယ်။လက်ပံချောင်းကျေးရွာနေ ဦးထွဇမွဲ၊ဒေါ်ဆောဇုမ်းတို့ရဲ့သားပါ။အဲ့ဒီကလေးမျက်နှာပြင်က ဒဏ်ချက်ရာတွေကိုတော့ အားလုံးသိပြီးသားမို့ ထပ်မပြတော့ပါဘူး။ပြောချင်တာက ဒီပုံကိုတင်တာနဲ့ပတ်သက်ပြီး လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်တယ်ဆိုပြီး ကျနော့်ကို လာတိုက်ခိုက်တဲ့သူတချို့ရဲ့ သဘောထားအယူအဆဟာ လုံးဝအခြေအမြစ်မရှိဘူးလို့ ပြောချင်ပါတယ်။
သူတို့ပြောတာလည်းကြည့်ဦးဗျာ။အချက်အလက်မခိုင်မာရင်မတင်နဲ့ဆိုပဲ။ဒါဆို ဗမာတပြည်လုံးမှာဖြစ်နေတဲ့ လူသတ်မှု၊မုဒိမ်းမှု၊လုယက်မှု၊ရိုက်နှက်မှုတွေအားလုံး အချက်အလက်မခိုင်လုံလို့ ပြည်သူသိအောင်မရေးသားရဘူးဆိုရင် အားလုံးကြိတ်မှိတ်မြိုသိပ်ပြီး သည်းခံနေရမှာလား။အချက်အလက်ရှာရမှာက မီဒီယာနဲ့ရဲတွေရဲ့အလုပ်ပါ။သတင်းကိုအများသိအောင်နဲ့ ပြည်သူကြားပြန့်နှံ့အောင်လုပ်ရမှာက လူတိုင်းမှာတာဝန်ရှိတယ်။အထူးသဖြင့် နိုင်ငံရေးသမားတွေမှာ ပိုတာဝန်ရှိတယ်။ဆင်ကောင်ကြီးတွေ့နေတာတောင် ဆင်ခြေရာရှာတဲ့အလုပ်လုပ်သလို ကလေးတယောက် မတရားလုပ်ခံနေရတာတောင် အနိုင်ကျင့်သူကို ထုတ်ဖော်မရေးရဘဲ သေချာလို့လားလို့ ပြန်မေးနေတဲ့လုပ်ရပ်ဟာ အရမ်းရှက်စရာကောင်းတဲ့အတွေးအခေါ်ပါပဲ။
နောက်တချက်က ဗမာစာမတတ်လို့ နှိပ်စက်ခံရတာဆိုတဲ့အချက်က ပိုဆိုးတယ်။တိုင်းရင်းသားတွေကို မိခင်ဘာသာစကားနဲ့သင်ကြားဖို့ တောင်းဆိုချက်ကို အစိုးရက လျစ်လျူရှုထားလို့ အခုလိုဖြစ်ရတာလို့ ထောက်ပြလိုခြင်းက ကျနော့်မူရင်းရည်ရွယ်ချက်ဖြစ်ပါတယ်။ဒီအချက်ကို မပေါ်လွင်စေလိုတဲ့ပုဂ္ဂိုလ်တွေက အခုလို ကျနော့်ရည်ရွယ်ချက်နဲ့ဝေးသွားအောင် တမင်လမ်းကြောင်းလွဲဖို့ ဖန်တီးတိုက်ခိုက်နေတာလို့ ယူဆပါတယ်။ကုတ်တဲ့ဆရာမက တီးတိန်ချင်းလို့ နောက်ဆုံးသတင်းအရကြားတယ် သို့သော် သူသည် မြန်မာအစိုးရပြဌာန်းထားတဲ့ မြန်မာဘာသာစကားနဲ့သင်ကြားရတဲ့ သင်ရိုးညွှန်းတမ်းကိုသုံးပြီးစာသင်ရသူဖြစ်တယ်။ယဉ်ကျေးမှုအရ တိုင်းရင်းသားတွေအပေါ် မြန်မာရဲ့ဖိစီးနှိပ်စက်မှုကို ဒီဆရာမက သရုပ်ဆောင်အဖြစ်တာဝန်ယူကပြနေရတာပဲဖြစ်ပါတယ်။ကျနော် ဆိုလိုတာ လတ်တလော ဒီဆရာမတာဝန်ယူထားတဲ့ role play ကို ပြောချင်တာပဲဖြစ်တယ်။
နောက်တချက်က မြန်မာနဲ့တိုင်းရင်းသားကြားက အမုန်းဟာ ကျနော်တို့သွေးထိုးလှုံဆော်ဖို့ မလိုအပ်လောက်အောင် ထုနဲ့ထည်နဲ့ရှိပြီးသားဖြစ်တယ်။မြန်မာစစ်အုပ်စုနဲ့စစ်တပ်က တိုင်းရင်းသားဒေသကို ထိုးစစ်တွေဆင်ပြီး ရွာလုံးကျွတ်မီးရှို့၊လူသတ်၊မုဒိမ်းကျင့်တာတွေ နှစ်ပေါင်း ၇၀နီးပါး လုပ်ခဲ့ကြလို့ တိုင်းရင်းသားတွေက မြန်မာကို အသေအလဲမုန်းတီးပြီးသားဖြစ်တယ်။ဗမာပြည်မကနေ တဖဝါးမှမခွာဖူးဘဲ ဒါကိုနားလည်နိုင်မှာမဟုတ်ဘူး။ကျနော်တို့က အဖိနှိပ်ခံပြည်သူဘက်ကရပ်နေတာဖြစ်ပါတယ်။ကချင်၊ကရင်၊ကယန်း၊ရှမ်း၊ မွန် လူမျိုးစုံချစ်ကြည်ရေးအတွက် လက်ရှိလွှမမိုးနေတဲ့ မဟာဗမာလူမျိုးကြီးဝါဒကို အခြေအမြစ်ကတိုက်ဖျက်ဆန့်ကျင်ရမယ်လို့ ကျနော်တို့ခံယူတယ်။ကျနော့်ကိုလာတိုက်တဲ့သူတွေကိုကြည့်ရတာ မြန်မာလူမျိုးစွဲ အစွန်းရောက်တွေဖြစ်ပုံရတယ်၊မြန်မာကိုထိရင် ဆတ်ဆတ်ထိမခံနိုင်ကြပုံထောက်ရင် စစ်အုပ်စုလိုလားတဲ့ ဗမာနိုက်ဇေးရှင်း(မြန်မာဇာတ်သွင်းခြင်း) ကို တနည်းတဖုံလက်ခံကျင့်သုံးလိုတဲ့သူတွေပဲဖြစ်ပုံရတယ်။ကျနော့်ကို စွပ်စွဲနေသူတွေကို တချက်တော့ချေပချင်ပါတယ်။ကျနော်တို့ဟာ ဒီနေ့အထိ လက်နက်ကိုင်ပြီး ဘယ်တိုင်းရင်းသားကိုမှ အနိုင်မကျင့်ဘူးသလို၊ဘယ်မဂျော်ရထီ(လူများစု) ရော ဘယ်မနော်ရတီ(လူနည်းစု) ကိုမှ ခွဲခြားဆက်ဆံတာမျိုး ဝါသနာလည်းမပါဘူး၊စိတ်ကူးလည်းမရှိဘူးဆိုတာပါပဲ။တချို့အစိုးရအရာရှိ တွေလုပ်သလို နိုင်ငံပိုင်သတင်းစာထဲက မွတ်ဆလင်တွေ ဘာလုပ်တယ်၊ညာလုပ်တယ်လို့လည်း ဝါဒမဖြန့်ခဲ့သလို လူအင်အားများတဲ့မြန်မာက အနိုင်ကျင့်နေရင်လည်း မပြောဘဲသတင်းအမှောင်ချနေမယ့်လူစားမျိုးလည်းမဟုတ်ဘူးလို့ အတိအကျပြောလိုက်ပါတယ်။
အနှစ်ချုပ်လိုက်ရင် racist (လူမျိုးစွဲအစွန်းရောက်ဝါဒီတွေ) ရဲ့ ထိုးနှက်တိုက်ခိုက်မှုတိုင်းဟာ လုံးဝအခြေအမြစ်မရှိတဲ့ စွပ်စွဲမှုတွေသက်သက်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။
ရဲဘော်ကျော်ကိုကို
LikeShow more reactions
Comment

No comments: