Saturday, December 16, 2017

ပြည် တွင်းစစ်တရားခံ ? 17 dec. 2017

ဦးကျော်ငြိမ်း၊ ဂိုရှယ်စစ်တမ်းနှင့်  ဗမာပြည်ကွန်မြူနစ် ပါတီ

(ဗမာပြည်ကွန်မြူနစ်ပါတီတောခိုခြင်းမှအစပြု၍ပြည်တွင်းစစ်မီးတောက်လောင်စေရန်ဖန်တီးခဲ့သူအဓိကတရားခံ)

( ဗကပနဲ့ ပတ်သက်တဲ့ ဆောင်းပါးများကို ခပ်စိတ်စိတ်လေး ရေးတာလာတဲ့ ဆရာအောင်စွမ်းက ဗကပ တောခိုအောင် လုပ်ခဲ့တဲ့ တရားခံဟာ ဦးကျော်ငြိမ်း ဖြစ်တယ်။ ပြည်တွင်းစစ်ဟာ ဦးကျော်ငြိမ်းကြောင့် ဖြစ်ခဲ့ရတယ် ဆိုပြီး တင်ပြ လာပါတယ်။ 

ဘိုဘိုကျော်ငြိမ်းရဲ့ သူ့ဖခင်အကြောင်း ရေးသားချက်များနဲ့ ယှဉ်ဖတ်သင့်တဲ ဆောင်းပါး ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်နေ့ထုတ်၊ Northern Star ဂျာနယ်မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ )

ဖွားဖက်တော်ပြည်တွင်းစစ်
မြန်မာပြည်သည် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့သည်။ လွတ်လပ်ရေး ရရှိပြီး (၈၃)ရက်အကြာ ၁၉၄၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ဗမာပြည် ကွန်မြူနစ်ပါတီ တောခို သွားခဲ့သည်။ ပြည်တွင်းစစ် မီးတောက်လောင် ခဲ့သည်။ 

သို့ဖြစ်၍ ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ ဖွားဖက်တော်သဖွယ် ဖြစ်ခဲ့သည်။ သို့သော် ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်သည် ဗြိတိသျှ နယ်ချဲ့သမားတွေ လက်နက် ထုတ်ပေးခဲ့သည့် ဂဠုန်ဦးစော ခေါင်းဆောင်သည့် အာဏာရူးများ၊ နယ်ချဲ့ အလိုတော်ရိများ၊ လက်ယာ ဂိုဏ်သားများက တစ်ဖက်နှစ် ဗမာပြည် ကွန်မြူနစ် ပါတီ၊ ဆိုရှယ်လစ် ပါတီ၊ ပြည်သူ့ ရဲဘော် အပါအဝင် တိုးတက်သည့် အင်အားစုများက တစ်ဖက် အပြန်အလှန် အကြီးအကျယ် တိုက်ခိုက် ခဲ့ကြသည့် ပြည်တွင်းစစ် မဟုတ်ခဲ့ပေ။ 

ဖဆပလ ဆိုရှယ်လစ်များက တစ်ဖက်နှင့် ဗမာပြည် ကွန်မြူနစ် ပါတီက တစ်ဖက် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြသည့် စစ်မီးသာ ဖြစ်ပါသည်။ ဤစစ်မီးသည် စစ်ကိုမလိုလားသည့် ပြည်သူလူထုကိုပင် ခြွင်းချက်ထားလေ့ မရှိပါ။ ပြည်သူလူထုကိုလည်း သွေးချောင်းစီးအောင် သတ်ဖြတ်၊ သေကျေ၊ ဒုက္ခပင်လယ် ဝေစေခဲ့ပါသည်။ အစွမ်းကုန် လောင်မြိုက် ဖျက်ဆီး ဝါးမြိုပစ်ခဲ့သည်။

သို့ဖြစ်ရာ “တရားခံ ဘယ်သူလဲဟေ့” ဟု မေးရတော့မည် ဖြစ်ပါသည်။ ဗမာပြည် ကွန်မြူနစ်ပါတီလော၊ အာဏာရ ဖဆပလ အစိုးရလော၊ စိစစ်စောကြော ရတော့မည် ဖြစ်ပါသည်။

ဖဆပလ အစိုးရ၏ တင်ပြချက်

ထိုစဉ်က အာဏာရ ဖဆပလ အစိုးရက သက်သေ သက္ကာယ အဖြစ် လက်ဆုပ်လက်ကိုင် ဖော်ထုတ် တင်ပြခဲ့သည့် တင်ပြချက် တစ်ရပ် ရှိခဲ့ပါသည်။ ယင်းတင်ပြချက်မှာ “ဂိုရှယ်စစ်တမ်း” ဖြစ်ပါသည်။ “ဂိုရှယ်စစ်တမ်း” တွင် “လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ အာဏာ သိမ်းယူဖို့၊ ပြည်တွင်းစစ် ပြုရေး လမ်းစဉ်ကို ဆုပ်ကိုင်ပြီး ပြည်တွင်းစစ် လမ်းကြောင်း အတိုင်း လျှောက်လှမ်းဖို့” ဆိုသည့် အကောက်အယူများ ပါရှိသည်။ 

ဖဆပလ အစိုးရက ယင်းအတိုင်း ကောက်ချက် ဆွဲပြလေ့ ရှိသည်။ အားလုံးကလည်း ထိုသို့ပင် မှတ်ယူခဲ့ကြသည်။ တကယ်တော့ ၎င်းတို့ လက်ညှိုး ထိုးပြလေ့ ရှိသည့် “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ အမှန်တကယ် မရှိခဲ့ပေ။ ကာယကံရှင် ကိုယ်တိုင်ကလည်း ထုတ်ဖော် ပြောကြားခြင်း မရှိခဲ့ပေ။ ခြေရာ ကောက်ကြည့်သည့် အခါ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့ရှိ ပြတိုက်တစ်ခုတွင် “မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ သုတေသန အချက်အလက် ဖိုင်တွဲများ” သိမ်းဆည်းထားခြင်း ရှိပါသည်။ 
ယင်းဖိုင်များထဲတွင် “ဗမာပြည် ကွန်မြူနစ် ဝါဒနှင့် ပတ်သက်သော စာရွက်စာတမ်းများ (၁၉၄၅-၁၉၇၇)” ဆိုသည့် ဖိုင်တွဲ တစ်တွဲလည်း ရှိနေပါသည်။ ယင်းဖိုင်တွဲ စာမျက်နှာ (၈၃)တွင် “ဗမာပြည် မျက်မှောက် နိုင်ငံရေး အခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များ” ရေးသူဘတင်၊ ၁၉၄၈ ခုနှစ် မတ်လဆိုသည့် စာတမ်း တစ်စောင်လည်း သိမ်းဆည်းပါရှိ နေပါသည်။ ဖဆပလ အစိုးရက လက်ညှိုးထိုးပြသည့် “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ အဆိုပါ စစ်တမ်းပင် ဖြစ်ပါသည်။ ခေတ် အဆက်ဆက် ယင်းစာတမ်းကိုပင် ရည်ညွှန်း ကိုးကား ပြောဆိုလေ့ ရှိပါသည်။

ဗကပ ဗဟိုကော်မတီဝင်ဟောင်း နှစ်ဦးဟ ပြောကြားချက်

ဤနေရာတွင် စကားစပ်၍ တင်ပြရလျှင် ဗကပ ဗဟို ကော်မတီဝင်ဟောင်းများ ဖြစ်သည့် ဆရာရာဂျန်တို့၊ လေထီး ဦးအုန်းမောင်တို့ကို သွားရောက် တွေ့ဆုံမေးမြန်း ခဲ့ဖူးပါသည်။ ယင်း ဆရာကြီးများက “ဂိုရှယ်စစ်တမ်း” ဆိုသည်ကို တွေ့လည်း မတွေ့ဖူး၊ ကြားလည်း မကြားဖူးကြောင်း ငြင်းဆိုကြ သည်ကိုလည်း ပြန်လည် သတိရ မိခဲ့ပါသည်။ တကယ်တမ်း တွင် “ဂိုရှယ်စစ်တမ်း” ဟုဆိုသော အဆိုပါ စာတမ်းကို မြင်တွေ့ ဖတ်ရှုခဲ့ရသူမှာ နှစ်ဦးသာ ရှိခဲ့ပါသည်။ ယင်းပုဂ္ဂိုလ်နှစ်ဦးမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုနှင့် အတိုက်အခံ နိုင်ငံရေးသမား ဦးသိန်းဖေမြင့်တို့ ဖြစ်ပါသည်။

ဦးနု၏ မှတ်တမ်းတင် ရေးသားချက်

ဝန်ကြီးချုပ်ဟောင်း ဦးနုက ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ ဖြစ်သည့် “တာတေ စနေသား” စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည်-

သခင်သန်းထွန်းနှင့် ဂိုရှယ်တို့ အိန္ဒိယက ပြန်ရောက်ပြီး ရက်အနည်းငယ်အကြာတွင် ထိုစဉ်က ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်း လာတွေ့သည်။ သူနှင့်အတူ စာတမ်းတစ်စောင် ပါရှိလာသည်။

“ကျွန်တော်တို့ လူတစ်ယောက် ပေါ်လစ်ဗြူရိုထဲမှာ သွင်းထားပါသည်။ သူ့ဆီက ဒီစာတမ်းရတာ”

“အော်”

“ဒီလူက ဘယ်သူလဲ ဆိုတာ အထိတော့ မမေးပါနှင့်တော့။ ဝန်ကြီးချုပ်ကို ကျွန်တော် တောင်းပန်ပါတယ်”

ဦးကျော်ငြိမ်းသည် သခင်နုကို သူ့လက်ထဲက စာတမ်းကို လှမ်းပေးလိုက်သည်။ သခင်နု ဖတ်ကြည့်သည့်အခါ “မြန်မာ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်” ဆိုသည့် ခေါင်းစဉ်ကို တွေ့ရပါသည်။

“ဒီကိစ္စကို ကျွန်တော်တို့ ပြတ်ပြတ်သားသား လုပ်မှ ဖြစ်လိမ့်မယ်။ ဝန်ကြီးချုပ် ချီတုံချတုံ လုပ်နေလို့ မဖြစ်ဘူး။ ဒီ ကွန်မြူနစ် တွေ သူပုန်ထမှာ ဧကန်ပဲ”

“မင်းဘယ်လို ပြတ်ပြတ်သားသား လုပ်ဖို့ စိတ်ကူးထားသလဲ ကျော်ငြိမ်း”

“ကွန်မြူနစ် ခေါင်းဆောင်တွေ အခုလို ရန်ကုန်မှာ စုနေတုန်း သူတို့ကို ဗြုန်းကနဲ ဖမ်းပြီး ထောင်ထဲ ထည့်ထားချင်တယ်” လို့ ပြောကြားလိုက်သည်။

ဦးသိန်းဖေမြင့်၏ မှတ်တမ်းတင် ရေးသားချက်
အလားတူပင် အတိုက်အခံ နိုင်ငံရေး သမားဟောင်း ဦးသိန်းဖေမြင့် ကလည်း ၎င်း၏ ပင်ကိုရေး “ကျော်ငြိမ်း” အတ္ထုပ္ပတိ စာအုပ်တွင် အောက်ပါအတိုင်း မှတ်တမ်း တင်ခဲ့ပါသည် -

“ကျော်ငြိမ်းမှာ ပြည်ထဲရေးဝန်ကြီး ဖြစ်သဖြင့် ယခု ကျွန်တော့်ထံ ယူလာသော ဆောင်းပါး သာမက ဂိုရှယ်က ဗမာပြည် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီတွင် လျှို့ဝှက်စွာ ဝေထားသော စာတမ်းကြီး တစ်စောင်ကိုလည်း ရထားသည်ဟု သိရသည်။ ပါတီက ကျွန်တော့်အား ထိုစာတမ်းကို ပေးသည် မဟုတ်ချေ။ ပါတီမှ ထွက်လာပြီးနောက် အတန်ကြာမှ ကျော်ငြိမ်း ယူလာ၍ ဖတ်ရသည်” ဟု ဖော်ပြထားပါသည်။

သို့ဖြစ်ရာ ဂိုရှယ်စစ်တမ်းကို ကြည့်မြင် ဖတ်ရှုဖူးသူမှာ ဦးနုနှင့် ဦးသိန်းဖေမြင့်တို့ နှစ်ဦးသာ ဖြစ်ကြောင်း ထင်ရှားပါသည်။ အချိန်ကာလ အားဖြင့် ၁၉၄၈ ခုနှစ် မတ်လဆန်းလောက် ဖြစ်ပါလိမ့်မည်။ ဖတ်ရှုခဲ့ရသူ နှစ်ဦးလုံး၏ ဖော်ပြချက်အရ “ဂိုရှယ် စစ်တမ်း” ကိုပေးသူက တစ်ဦးတည်းသာ ဖြစ်နေပါသည်။ ထိုပုဂ္ဂိုလ်မှာ ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်း ဖြစ်ပါသည်။

ဖြစ်နိုင်ချေ ရှိ / မရှိ

ဤတွင် ဦးကျော်ငြိမ်း ပြောကြားသကဲ့သို့ ဟုတ်/မဟုတ် ချိန်ထိုးသုံးသပ်ဖို့ လိုအပ်ပါသည်။ ယင်းကာလက ဗမာပြည် ကွန်မြူနစ် ပါတီတွင် နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ပေါ်လစ်ဗျူရို သုံးဦးသာ ရှိပါသည်။ အထွေထွေ အတွင်းရေးမှူး သခင် သန်းထွန်း၊ ရဲဘော်ဘတင် (ခ) ဂိုရှယ်နှင့် သခင်ဗသိန်းတင်တို့ ဖြစ်ပါသည်။

ပထမ ပုဂ္ဂိုလ်ဖြစ်သည့် သခင်သန်းထွန်းသည် ပါတီ၏ နံပါတ်တစ် ခေါင်းဆောင် ဖြစ်ပါသည်။ ပါတီကို သဘောတရား ရေးအရ ဦးဆောင်နေသူ ဖြစ်ရကား လုံးဝ မဖြစ်နိုင်ပါ။ ဒုတိယ ပုဂ္ဂိုလ်ဖြစ်သည့် ရဲဘော်ဘတင် (ခ) ဂိုရှယ်မှာ စွပ်စွဲခံရသူ ဖြစ်ပါသည်။ ကာယကံရှင် ဖြစ်နေပါသည်။ ဂိုရှယ်သည်  သေမင်းနှုတ်ခမ်း ဝင်ရောက် နေချိန်မှာပင် နိုင်ငံတကာ အင်တာနေရှင်နယ် သီချင်းဆိုကာ လည်စင်းပေးခဲ့သည့် ကွန်ဆာဗေးတစ် ကွန်မြူနစ် တစ်ယောက် ဖြစ်ပါသည်။ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါ။ တတိယ ပုဂ္ဂိုလ်ဖြစ်သည့် သခင်ဗသိန်းတင်သည် ပါတီ၏ အရန် ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။ တစ်သက်ပန်လုံး ကွန်မြူနစ်ဝါဒနှင့် ဖက်တွယ် ပျော်မွေ့သွားသူ ဖြစ်ပါသည်။ ၎င်းလည်း လုံးဝ၊ လုံးဝ၊ လုံးဝ မဖြစ်နိုင်ပါ။

ယင်း ပေါ်လစ်ဗျူရို အဖွဲ့ဝင် (၃)ဦးလုံးသည် ကွန်မြူနစ် ထိပ်သီးရင့်မာ ကြီးများ ဖြစ်ပါသည်။ ဦးကျော်ငြိမ်းနှင့် ပတ်သက် ဆက်နွယ်ရန် အကြောင်းမရှိ။ အလဲအထပ်ပြုရန် အကြောင်းမရှိ၊ သတင်းပေး သတင်းယူရန် နီးစပ်မှုမရှိ၊ မျက်စပစ်မည့် သူများ မဟုတ်သလို ရေလာမြောင်းပေး ပြုလုပ်မည့်သူများလည်း မဟုတ်ကြ။ သို့ဖြစ်ရာ ဦးကျော်ငြိမ်းသည် ဝန်ကြီးချုပ်၏ ယုံကြည်ကိုးစားမှု ရယူရန်အတွက် “ပေါ်လစ်ဗျူရိုဝင်” ဆိုသည့် စကားလုံးသုံးပြီး အယုံသွင်းခဲ့ခြင်း ဖြစ်ပါသည်။ ဦးနှောက်ထက် နှလုံးသားက ပိုကြီးနေသော ဦးနုကလည်း စဉ်းစားခဲ့မိပုံ မပေါ်။ ကျောင်းသား သမဂ္ဂမှ စ၍ ပေါင်းသင်း လာခဲ့သော ပြည်ထဲရေး ဝန်ကြီး၏ ပြောစကားအပေါ် ယုံစားမိခဲ့ခြင်း ဖြစ်ပါသည်။

ဂိုရှယ်အယူအဆ

ယင်းကာလက ဂိုရှယ် အယူအဆမှာ “သပိတ်စုံ သူပုန်ထရေး” လမ်းစဉ် ဖြစ်ပါသည်။ ဂိုရှယ် စစ်တမ်းပါ အချက်များနှင့် လုံးဝ ဆန့်ကျင် ကွဲလွဲပါသည်။ ဂိုရှယ်သည် သခင်သန်းထွန်းနှင့် သခင်ဗသိန်းတင် တို့၏ “ကျေးလက် အခြေခံ မြို့ဝိုင်းရေး” လမ်းစဉ်ကိုပင် တစ်လျှောက်လုံး ဆန့်ကျင်ခဲ့သူ ဖြစ်ပါသည်။ 

ကျောက်ကြီးပေါက်နှင့် စွယ်တော်မြိုင် တို့တွင် ပြုလုပ်သော ဗဟိုကော်မတီ အစည်းအဝေး လေးကြိမ်စလုံးတွင် မိမိ အယူအဆကို ခိုင်ခိုင်မာမာ ကိုင်စွဲ ခုခံခဲ့သူ ဖြစ်ပါသည်။ ဒီတော့ “ဂိုရှယ် စစ်တမ်း” ဆိုသည်မှာ ဗမာပြည် ကွန်မြူနစ် ပါတီကို တရားဝင် ရပ်တည်ခွင့် မပေးလိုသည့် အတွက် တစ်စုံ တစ်ဦးက လုပ်ကြံလီဆယ် ရေးသားထားသည့် စစ်တမ်းသာ ဖြစ်ကြောင်း ကောက်ချက် ချရတော့မည် ဖြစ်ပါသည်။ 

ကာယကံရှင် ဂိုရှယ် ကိုယ်တိုင်ကလည်း ငြင်းဆို ထားပါသည်။
ထို့ပြင်သခင်သန်းထွန်းနှင့်သခင်ဇင်တို့
မရှိတော့သည့်နောက်ပိုင်းပါတီဥက္ကဌ
တာဝန်ကိုအရှည်ကြာဆုံးတာဝန်ယူ
ထားခဲ့ရသည့်သခင်ဗသိန်းတင်ကလည်းဂိုရှယ်စစ်တမ်းဆိုသည်မှာမရှိ
ကြောင်းပြောဆိုခဲ့ပါသည်။

ယင်း စစ်တမ်း မရှိခဲ့ကြောင်း ဗကပ ဗဟို ကော်မတီဝင်ဟောင်း နှစ်ဦးကလည်း ထပ်မံကာပြောဆိုခဲ့ဖူးပါသည်။ စစ်တမ်းကို တွေ့မြင်ခဲ့ရသူ နှစ်ဦးကို တင်ပြခဲ့သူ မှာလည်း တစ်ဦးတည်းသော ဖြစ်နေပါသည်။ ယင်း တစ်ဦးတည်းသော ပုဂ္ဂိုလ်ထံမှစပြီး ယင်းထံမှာပင် လမ်းဆုံးနေပါသည်။ ရောက်လွယ်အောင် ပြောရလျှင် ပြည်ထဲရေး ဝန်ကြီး ဦးကျော်ငြိမ်းထံမှ စပြီး ဦးကျော်ငြိမ်းဆီမှာ လမ်းဆုံးနေသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

ပူးတွဲတရားခံ

ထိုအကြောင်းအရာအချက်အလက်တို့
ကိုသေချာစွာဆင်ခြင်ကြည့်ပါကပြည်တွင်းစစ်မီးကိုစတင်ဖြစ်ပွားစေရန်အ
တွက်ယုတ်မာပက်စက်စွာအကွက်ချကြံ
စည်သူမှာဦးကျော်ငြိမ်းသာလျှင်ဖြစ်
ကြောင်းမှာပေါ်လွင်ထင်ရှားနေပါသည်။
ဦးကျော်ငြိမ်း၏ ပင်ကိုယ်စိတ် အရင်းခံမှာ အစိုးရိမ် လွန်ခြင်း ဖြစ်ပါသည်။ တစ်ပါတည်းမှာပင် လက်ဦးမှု ရယူလိုစိတ် ကလည်း ရှေ့ဆောင်နေပါသည်။ 

ယင်းသဘော အခုအခံဖြင့် ဖမ်းဆီးမိန့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် အရာရာ တိုင်းသည် ဦးကျော်ငြိမ်း မျှော်လင့်သလို ဖြစ်မလာခဲ့ပါ။ အခံဘက်က မနေလိုသော သခင်သန်းထွန်း ခေါင်းဆောင်သည့် ဗမာပြည် ကွန်မြူနစ် ပါတီမှ ထိပ်တန်း ခေါင်းဆောင်များသည် သပိတ် မစုံသေးခင်မှာပင် တောပုန်း လိုက်ရတော့သည်။ 

ဗဟိုတွင် အငြင်းအဆုံ ပြုဆဲမှာပင်၊ ဆုံးဖြတ်ချက်တစ်ရပ် ပီပီပြင်ပြင် မချမှတ်ရသေးခင်မှာပင် တောထဲ ရောက်သွား ရတော့သည်။ ပြည်တွင်းစစ် သန္ဓေသားသည် အသေမွေးမလာ။ အူဝဲသံဖြင့် မွေးလာသဖြင့် မီးတောက်သွားခြင်း ဖြစ်သည်။ ဦးကျော်ငြိမ်းအဖို့ မပြေးသော်လည်း ကန်ရာ ရှိသွားသည်။ မီးလောင်ရာ လေပင့် ဖြစ်သွားသည်။

* ထို့ကြောင့်ဗမာပြည် ကွန်မြူနစ် ပါတီသည် ပြည်တွင်းစစ်၏ တရားခံဟု ပြောမည်ဆိုလျှင် ဦးကျော်ငြိမ်း၏ ပြုမူ ဆောင်ရွက်ချက် များကြောင့် ၎င်းသည် တရားခံ၏အထက်တွင်ရှိနေသည့်စီနီယာတရားခံကြီး ဖြစ်ထိုက်ပါသည်။

* ဗမာပြည် ကွန်မြူနစ်ပါတီသည် တိုင်းပြည်ကို မီးလောင်တိုက် သွင်းခဲ့သူ ဖြစ်လျှင် ဦးကျော်ငြိမ်းသည် ဓာတ်ဆီ လောင်းကာကိုယ်တိုင်ပါဝင်မီးရှို့ခဲ့သူ ဖြစ်ပေလိမ့်မည်။

* ဗမာပြည် ကွန်မြူနစ်ပါတီသည် လက်နက်ကိုင် ဆူပူသောင်းကျန်းမှု လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းသွားသူ ဖြစ်လျှင် လမ်းလျှောက်သင်ပေးပြီးလမ်းခင်းပေးသူမှာ ဦးကျော်ငြိမ်းဟု မှတ်ယူရပေလိမ့်မည်။

အောင်စွမ်း

No comments: